နေပြည်တော် ၁၀ ဖေဖော်ဝါရီ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က လယ်ယာမြေကို အခြားနည်း အသုံးပြုဆောင်ရွက်ခြင်းကြောင့် နှင့် မြို့ရွာများ တိုးတက် ဖွံ့ဖြိုးလာမှု၊ စက်ရုံအလုပ်ရုံများ တိုးချဲ့ဆောက်လုပ်မှုကြောင့် နိုင်ငံတော်၏ ကုန်ထုတ် စွမ်းအား တိုးတက်မြင့်မားမှုများရှိလာသလို လျော့နည်းဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် အစားထိုးဖော်ထုတ်နိုင်ရေးအတွက် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများမှ စိုက်ပျိုးမှု တည်ငြိမ်မှုရှိလာသောမြေများကို လယ်ယာမြေအဖြစ် ပြောင်းလဲ ခြင်းဆိုင်ရာများအား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် သီးနှံ ပြောင်းလဲစိုက်ပျိုးခွင့် တင်ပြလာခြင်းများအား အဓိကစားသုံးသီးနှံ ဖြစ်သည့် ဆန်စပါးဖူလုံမှုကို ထိခိုက်မှုမရှိလျှင် စိစစ်ပြီး ဥပဒေနှင့်အညီ ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီတွင် ဆွေးနွေးပြီးဖြစ်ရာ ယခင် လယ်ယာမြေဥပဒေ၏ ပြင်ဆင်ရန် လိုအပ်သောပုဒ်မများကို ပြင်ဆင်နိုင်တော့မည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးကိစ္စရပ်များအတွက် ကြန့်ကြာမှုမရှိစေဘဲ အထောက်အကူပြုနိုင်ရေး တို့အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အစည်းအဝေးများမှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံ ခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေး တွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအလိုက်တင်ပြရာ အစည်းအဝေးတက် ရောက် လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ၂၀၁၂ခုနှစ် သြဂုတ်လတွင် ပြဌာန်းပြီး စတင်ကျင့်သုံး၍ ၂၀၁၃ ခုနှစ်တွင် တောင်သူလယ်သမားများသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များ ထုတ်ပေးနိုင်ရေးအတွက် စီမံကိန်းစတင်အကောင်အထည်ဖော်စဉ်က ဧရိယာပေါင်း(၂၈၁၂၅၇၃၅)ဧက ဖြစ်ပြီး ဦးပိုင်ပေါင်းမှာ (၁၀၅၅၄၃၂၆) ခန့်မှန်းလျာထား ခဲ့ကြောင်း၊ အဆိုပါလျာထားချက်အရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ(၃၁)ရက်အထိ ပုံစံ(၇) ပေးအပ်နိုင်မှုမှာ (၂၅၄၅၁၅၀၈) ဧက ၊ ဦးပိုင်ပေါင်း(၉၉၁၆၇၆၂)ဖြစ်၍ (၉၃ ဒသမ ၉၆ ရာခိုင်နှုန်း) ပေးအပ်နိုင်ခဲ့ကြောင်း၊ ယခုအခါလုပ်ငန်းများ အရှိန်အဟုန်ကောင်းစွာရရှိခဲ့ပြီး ထုတ်ပေးရန် ကျန်ရှိနေသည့် ဧရိယာများကိုပြန်လည်သုံးသပ်ရာ၌ ၂၀၁၃ခုနှစ် စတင် လျာထားစဉ်က မြေပြင်၌ စိုက်ပျိုးလုပ်ကိုင်မှုရှိနေသော်လည်း တည်ဆဲဥပဒေများအရ ပုံစံ(၇)ထုတ်ပေး၍ မရနိုင်သော သစ်တောမြေများ၊ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ၊ အခြားမြေများနှင့် လုံခြုံရေးကန့်သတ်ချက်ရှိပြီး ယနေ့တိုင်သွား ရောက် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့်မြေများပါရှိနေကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါမြေများအား ဖယ်ထုတ်လိုက်ပါက လက်ရှိအနေအထားအရ ပုံစံ(၇)အမှန်ထုတ်ပေး နိုင်မည့်ဧရိယာမှာ (၂၅၈၄၃၇၄၈) ဧကသာဖြစ်ပြီး ဦးပိုင်ပေါင်း (၁၀ဝ၈၈၁၃၈)ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ယခုအခြေအနေ၌ တောင်သူလယ်သမားများသို့ ပုံစံ(၇)ထုတ်ပေးပြီးစီးသည့် အခြေအနေမှာ (၉၈ ဒသမ ၃၀ ရာခိုင်နှုန်း)ခန့်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)