နေပြည်တော် ဇန်နဝါရီ ၁၃

 

ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဘွိုင်လာသင်တန်းခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual ဖြင့် တက်ရောက် သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ စက်ရုံမှူးများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ ဘွိုင်လာနှင့် သက်ဆိုင်သည့် ကျွမ်းကျင်ပညာရှင်များ၊ ဘွိုင်လာစစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး (အငြိမ်းစား) များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်း တက်ရောက်ထားသူများသည် ကျွမ်းကျင်လက်မှတ် ထုတ်ပေးချိန်တွင် အဆင်သင့်ဖြစ်နေမည်ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်အောင်မြင်ပြီး မိမိလုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်သည်နှင့်အမျှ လုပ်ငန်းခွင်တွင် ဘွိုင်လာမတော်တဆထိခိုက်မှုများ၊ ပေါက်ကွဲမှုများ လျော့နည်းသွားမည် ဖြစ်ကြောင်း၊ စက်ရုံများရှိ ဘွိုင်လာများကို ထိန်းသိမ်းရာတွင်လည်း စနစ်တကျကျွမ်းကျင်စွာ လုပ်ကိုင်နိုင်မည်ဖြစ်သည့်အတွက် ဘွိုင်လာများ ပျက်စီးယိုယွင်းမှုနည်းပြီး စက်ရုံ၏ကုန်ထုတ်မှု စွမ်းအားများ တိုးတက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများ အနေဖြင့် နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် ယခုသင်တန်းက ပို့ချသော ဘာသာရပ်များကို ကြိုးစားလေ့လာပြီး သင်ယူကြရန် ပြောကြားသည်။

 

ယခုသင်တန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ (၆) ပတ်ကြာ ဖွင့်လှစ်၍ ဌာနဆိုင်ရာနှင့် ပြင်ပသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀) တက်ရောက်မည်ဖြစ်ပြီး မြေပြင်တွင် ဘွိုင်လာများကို စစ်ဆေးနေသည့် အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မိတ္ထီလာမြို့နှင့် ပြင်ဦးလွင်မြို့တို့သို့ သွားရောက်၍ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များအား တွေ့ဆုံစဉ် လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်သည့် ရှင်းလင်းခြင်းအစည်းအဝေးကို တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မိတ္ထီလာမြို့နှင့် ပြင်ဦးလွင်မြို့တို့သို့ သွားရောက်၍ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များအား တွေ့ဆုံစဉ်နိုင်ငံတော်ဝန်ကြီးချုပ်၏ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လမ်းညွှန်ချက်များနှင့် လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

mdn