ဘိုင်ယန်မြူးနစ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဧပြီ ၁၆ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းအသီးသီးကို အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ   ရီးယဲလ်မက်ဒရစ်အသင်းကို  ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ  နှစ်ဂိုး-တစ်ဂိုး၊ ဒုတိယအကျော့မှာ လေးဂိုး-သုံးဂိုး နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်လှမ်းခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒုတိယအကျော့မှာ ချေပဂိုးပြန်လည်ရရှိရေး ကြိုးပမ်းရင်း ကစားသမားနှစ်ဦး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ကစားသမားနှစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းကတော့ လက်ရှိရာသီမှာ  ဘိုင်ယန်မြူးနစ်အတွက် ပွဲစဉ် ၄၂ ပွဲမှာ သွင်းဂိုး ၅၀ ရှိလာခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်တက်လှမ်းခဲ့ပြီဖြစ်တာကြောင့်  တစ်ရာသီအတွင်း  ဖလားသုံးလုံး ဆွတ်ခူးနိုင်မယ့်  မျှော်လင့်ချက်ရှင်သန်ခဲ့ပြီ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ  အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၂ မှတ်ဖြတ် ဦးဆောင်နေပြီး   ဂျာမန်ပိုကယ် ဖလားပြိုင်ပွဲမှာလည်း လေဗာကူဆင်အသင်းနဲ့ ဆီမီးဖိုင်နယ်ကစား ဖို့ရှိနေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ စပို့တင်းအသင်းကို  နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး  ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့် ပထမအ‌ကျော့ပွဲစဉ်တွေကို ဧပြီ ၂၉ ရက်နဲ့ ၃၀ ရက်တို့တွင် လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်တွေကို မေ ၆ ရက်နဲ့ ၇ ရက်တို့တွင်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ငွေကြယ်