ဒီဇင်ဘာ ၁၀
ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ပွဲစဉ်ကို ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက ဘိုင်ယန်မြူးနစ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့် ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့သည်။ ဘာစီလိုနာအသင်းသည် ယခုပွဲစဉ်တွင် ဘိုင်ယန်မြူးနစ် အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာ ခဲ့ရပြီဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခုပွဲစဉ်မတိုင်မီကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်သို့ အုပ်စုပထမဖြင့် တက်ရောက်ထားနိုင်သော်လည်း အဓိက ကစားသမားအများစုဖြင့် ဘာစီလိုနာ အသင်းကို ရင်ဆိုင်လာခဲ့သည်။ ဘာစီလိုနာအသင်းကလည်း ဒမ်ဘီလီ၊ ဒီပေး၊ ဆာဂျီနိုဒက်စ် စသည့် အားထားရသည့် ကစားသမားအစုံအလင်ဖြင့် ဘိုင်ယန်မြူးနစ်အသင်းကို ရင်ဆိုင်လာခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရရှိခဲ့ပါက အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်သော်လည်း ဂိုးပြတ်အရေးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ဘာစီလိုနာအသင်းသည် ယခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ခြောက်ပွဲ ကစားထားပြီး သွင်းဂိုးက နှစ်ဂိုးသာ ရရှိထားကာ ပေးဂိုးက ကိုးဂိုးအထိ ရှိထားသည့်အတွက် အဆိုးရွားဆုံးရာသီတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခုပွဲကို အနိုင်ရရှိခဲ့သောကြောင့် ၂၀၁၉ ခုနှစ်တွင် လီဗာပူးအသင်းကို ဂိုးမရှိသရေကျပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၂၈ ပွဲဆက် ဂိုးသွင်းယူနိုင်သည့်အသင်း ဖြစ်လာခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၄ မိနစ်တွင် လီဝမ်ဒေါစကီး၏ဖန်တီးမှုမှ မူလာက သွင်းယူပေးပြီး ဒုတိယဂိုးကို ပွဲချိန် ၄၃ မိနစ်တွင် ဆာနေးက သွင်းယူပေးနိုင်ခဲ့သည်။ ဘာစီလိုနာ အသင်းသည် ချေပဂိုးများရရှိရေး ကြိုးစားလာသော်လည်း ဘိုင်ယန်မြူးနစ် အသင်း၏ခံစစ်ကို မကျော်နိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် ဘိုင်ယန်မြူးနစ်အသင်း၏ နှစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ခြင်းကို ခံခဲ့ရသည်။ ဒုတိယပိုင်းတွင်လည်း ဘာစီလိုနာအသင်း၏ကစားအား တက်လာခြင်းမရှိဘဲ ဘိုင်ယန်မြူးနစ်အသင်းကသာ ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၆၃ မိနစ်တွင် မူစီအေလာက ဘိုင်ယန်မြူးနစ်အသင်းအတွက် တတိယဂိုး သွင်းယူပေးနိုင်ခဲ့၍ ဘိုင်ယန်မြူးနစ်အသင်း သုံးဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အခြားသော ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်ရလဒ်များတွင် ဂျူဗင်တပ်စ်က မယ်လ်မိုကို တစ်ဂိုး-ဂိုးမရှိ၊ ဘင်ဖီကာက ဒိုင်နမိုကိဗ်ကို နှစ်ဂိုး-ဂိုးမရှိ၊ ဆောလ်ဘတ်က ဆီဗီလာကို တစ်ဂိုး-ဂိုးမရှိ၊ လိုင်လီက ဝုဖ်ဘတ်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဇင်းနစ်နှင့်ချယ်ဆီးအသင်းတို့ပွဲစဉ်တွင် တစ်ဖက်သုံးဂိုးစီ သရေကျခဲ့သလို မန်ယူနှင့်ယန်းဘွိုင်းစ်အသင်းတို့ ပွဲစဉ်တွင်လည်း တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
အောင်ဇော်