၁၄ ဒီဇင်ဘာ
ခံစစ်ကစားသမား ဒေးဗစ်အလာဘာသည် ဘိုင်ယန်မြူးနစ်အသင်း၌ ၎င်း၏ အနာဂတ်အဆုံးသတ်ကာ စပိန်နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရီးရဲမက်ဒရစ် အသင်းကလည်း အဆိုပါ ခံစစ်ကစားသမားကို ခေါ်ယူလိုနေသည့်အတွက် အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိနေသည်။
အသက် ၂၈ နှစ်အရွယ် အလာဘာနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ လာမည့် ဇွန်လတွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ထို့ကြောင့် အလာဘာသည် အခြားသောအသင်းများနှင့် ဇန်နဝါရီ ၁ ရက်မှစတင်ကာ အကြိုသဘောတူညီမှုစာချုပ်ကို လွတ်လပ်စွာချုပ်ဆို နိုင်တော့မည်ဖြစ်သည်။ ဘိုင်ယန်မြူးနစ် အသင်းသည် အလာဘာ၏ တောင်းဆိုထားသည့်လစာအတိုင်း ပေးချေဖွယ်မရှိခြင်းကြောင့် ၎င်းတို့အနေဖြင့် အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာခွင့်ပြုရတော့မည် ဖြစ်သည်။ ရီးရဲမက်ဒရစ် အသင်းအပြင် ချယ်ဆီးနှင့် ပီအက်စ်ဂျီအသင်းတို့ကလည်း အလာဘာကို ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ ကမ်းလှမ်းမှုပြုလုပ်သွားဖွယ် ရှိနေသည်။
အလာဘာကိုယ်တိုင်က စပိန်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသည့်အတွက် ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရေးမှာ ချယ်ဆီးနှင့် ပီအက်စ်ဂျီ အသင်းတို့ထက် ပိုမိုနီးစပ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဂျာမနီသတင်းများ၏ ဖော်ပြချက်အရ အလာဘာသည် လုပ်ခလစာအဖြစ် တစ်နှစ်လျှင် ယူရို ၁၀ သန်းခန့် အလိုရှိနေသော်လည်း အဆိုပါပမာဏကို ဘိုင်ယန်မြူးနစ်အသင်းက ပေးချေလိုခြင်းမရှိကြောင်း သိရသည်။
ထို့အပြင် အလာဘာသည် စပိန်သို့ပြောင်းရွှေ့ဖြစ်ခဲ့လျှင် အခြားသော အသင်းများအနေဖြင့် အလာဘာ၏ တောင်းဆိုချက်ကို လိုက်လျောနိုင်ဖွယ် မရှိခြင်းကြောင့် ရီးရဲမက်ဒရစ်အသင်းသို့သာ ရောက်ရှိဖို့ နီးစပ်နေသည်။
ပြီးခဲ့သည့်လများအတွင်း ဥရောပအသင်းကြီးများအကြား ချုပ်ဆိုထားသည့် ကျူးကျော်မှုမရှိစေရေး သဘောတူညီချက်ကို မထိခိုက်စေရန်အလို့ငှာ နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းအနေဖြင့် အလာဘာကို ကမ်းလှမ်းရန်အတွက် ဇန်နဝါရီ ၁ ရက်အထိ စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။ သို့သော်လည်း ငွေကြေးမြောက်မြားစွာသုံးစွဲပြီး ခေါ်ယူနိုင်သည့် ချယ်ဆီးနှင့် ပီအက်စ်ဂျီအသင်းတို့ ရှိနေသည့်အတွက် ရီးရဲမက်ဒရစ်အသင်းအနေဖြင့် အလာဘာကို ခေါ်ယူရေးတွင် လွယ်ကူဖွယ်မရှိကြောင်း သိရသည်။ ထို့ကြောင့် အလာဘာအနေဖြင့် စပိန်သို့ပြောင်းရွှေ့ကစားချင်ကြောင်း ထုတ်ဖော် ပြောကြားထားသည့်အတွက် ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်လား သို့တည်းမဟုတ် ငွေကြေးမြောက်မြားစွာသုံးစွဲပြီး ခေါ်ယူနိုင်သည့် ချယ်ဆီး၊ ပီအက်စ်ဂျီအသင်းတို့သို့ ပြောင်းရွှေ့သွားမည်လား စိတ်ဝင်စားဖွယ်ရာပင်။
အလာဘာသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၀၉ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်အထိ ပါဝင်ကစားနေသူ ဖြစ်သည်။ ၎င်းသည် ဘိုင်ယန်မြူးနစ် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၄၀၂ ပွဲ ပါဝင်ကစားထားပြီး ၃၂ ဂိုး သွင်းယူ ပေးထားသူဖြစ်သည်။ ၎င်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဘွန်ဒက်စ် လီဂါဖလား၊ DFB ပိုကယ်ဖလား၊ DFL စူပါဖလား၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားနှင့် ဖီဖာကလပ် ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးရရှိထားသူ ဖြစ်သည်။
၎င်းသည် ယမန်နေ့က ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၁ အဖြစ် ယူနီယံဘာလင် အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ တစ်ဂိုးစီ သရေကျသောပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းတွင် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ကြောင်း သိရသည်။ ထို့အပြင် အလဘာသည် ယခုနှစ်ရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲအထိ ပါဝင်ကစားခွင့် ရရှိထားသူဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့် ဘွန်ဒက်စ်လီဂါပွဲစဉ် (၁၂) အဖြစ် ဝုဖ်ဘတ်အသင်းနှင့် ဒီဇင်ဘာ ၁၇ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်