MDN

ကလျာမိုးမြင့် - ရေးသားသည်

 

ဘိုးရင်း ၇၃၇ မက်စ်လေယာဉ် မတော်တဆပျက်ကျမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ဘိုးရင်းကုမ္ပဏီက အမှုဆောင်အဖွဲ့တွေဟာ ကုမ္ပဏီရဲ့လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး အစုစပ်ရှယ်ယာရှင်တွေရဲ့ စိန်ခေါ်မှုတွေကို တနင်္လာနေ့မှာ ပြန်လည်ချေပနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ လေယာဉ်မတော်တဆပျက်ကျမှု နှစ်ခုဖြစ်ပွားပြီး နောက်မှာ ၇၃၇ မက်စ်လေယာဉ်တွေကို ပြန်လည်ပျံသန်းခွင့်ရရှိဖို့ ကြိုးပမ်းမယ့် အဓိကခြေလှမ်းအဆင့်ကို တရားဝင်ထိန်းသိမ်းသူ အဖွဲ့အစည်းတွေက လာမယ့်ရက်သတ္တပတ်လောက်မှာ ဆောင်ရွက်တော့မယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

 

ရင်းနှီးမြှုပ်နှံသူတွေဆီက ထောက်ခံမှုရရှိ

 

လေယာဉ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဘိုးရင်းကုမ္ပဏီဟာ လေယာဉ်အမှုထမ်းတွေအပါအဝင် လူပေါင်း ၃၄၆ ဦးကို သေဆုံးစေခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက်မှာ မသေချာမရေရာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ တစ်ဝန်းမှာရှိတဲ့ ဘိုးရင်းမက်စ်လေယာဉ်တွေကိုလည်း ပျံသန်းပြေးဆွဲမှုမရှိ တော့ဘဲ ရပ်နားထားခဲ့ရပါတယ်။ အခုအခါမှာတော့ ကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံသူတွေဆီက ထောက်ခံမှုကိုရရှိထားပြီလို့သိရပါတယ်။ လေယာဉ်ရဲ့ ဒီဇိုင်းဖန်တီးထားမှုနဲ့ပတ်သက်ပြီး ခက်ခဲတဲ့မေးခွန်းတွေအပါအဝင် လေယာဉ်ကိုဈေးကွက်ထဲ ရောက်ရှိဖို့ လုပ်ဆောင်ရာမှာ မမှန်မကန်မှုတွေရှိခဲ့သလားဆိုတဲ့ မေးခွန်းအမြောက်အမြားကို ရင်ဆိုင်နေရချိန်မှာ ကုမ္ပဏီ အတွက် မျှော်လင့်ချက်ပြန်ရှိလာတဲ့ အနေအထားတစ်ခုဖြစ် လာပါတယ်။

 

ပျံသန်းမှုစစ်ဆေးမည်

 

ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်နဲ့ပတ်သက်ပြီး ပျံသန်းမှု စနစ်အတွက် ကုမ္ပဏီကဆော့ဖ်ဝဲပိုင်း အဆင့်မြှင့်တင်ထားမှုကို ဖက်ဒရယ်လေကြောင်း အာဏာပိုင်အဖွဲ့က လာမယ့် ရက်သတ္တပတ်အကုန်လောက် မှာ စမ်းသပ်ပျံသန်းမှု လုပ် ဆောင်သွားလိမ့်မယ်လို့ ဘိုးရင်းက ခန့်မှန်းထားတယ်လို့ ဘိုးရင်းကုမ္ပဏီရဲ့ တာဝန်ရှိ သူတစ်ဦးက ဧပြီ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒီစစ်ဆေးမှုက လေယာဉ်ပျံသန်းဖို့ အရည်အသွေး ပြည့်မီခြင်းရှိမရှိ သတ်မှတ်ဖို့အတွက် အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။သို့သော်လည်း ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့ဟာ လေယာဉ်ပျံသန်းမယ့်နေ့ရက်အချိန် စာရင်းအတိအကျကို အခုချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ အဲဒီအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

ရှယ်ယာရှင်တွေ စည်းဝေး

 

လူကြိုက်အများဆုံး အမျိုးအစားတစ်ခုဖြစ်တဲ့ ဘိုးရင်းမက်စ်လေယာဉ်ရဲ့ အဆန်းသစ်ဆုံးဗားရှင်းကို မြှင့်တင်ခဲ့မှု အပိုင်းမှာ မှားယွင်းမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေ အမျိုးမျိုးပေါ်ထွက်လာချိန်မှာ စိုးရိမ်ကြောင့်ကြနေတဲ့ အစုစပ် ရှယ်ယာရှင်တွေဟာ နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ အစည်းအဝေးတွေပြုလုပ်ပြီး ဥက္ကဋ္ဌအနေနဲ့ ဘယ်လို မဲဆွယ်စည်းရုံးလှုပ် ရှားမှုတွေလုပ်ခဲ့တယ်ဆိုတာကို ဖွင့်ချဖို့ ကမ်းလှမ်းခြင်းအားဖြင့် ပွင့်လင်းမြင်သာမှု ကြီးကြီး မားမားရရှိအောင် ကြိုးပမ်းခဲ့ပါတယ်။ ကုန်သွယ်ရေးအဖွဲ့ကြီးမှာပါဝင်တဲ့ အဖွဲ့ဝင်တွေလည်း အလားတူ ကြိုးပမ်းခဲ့ပေမယ့် အဆိုပြုချက်တွေဟာဆိုရင် ထောက်ခံမှု ၃၄ ရာခိုင်နှုန်းနဲ့ ၃၂ ရာခိုင်နှုန်းစီလောက်သာ အသီးသီးရရှိခဲ့သလို ယခင်နှစ်ကအလားတူလုပ်ဆောင်ခဲ့တာထက် မဆိုစလောက်လေးပဲ သာလွန်ခဲ့တယ်။ ဒီလိုလုပ် ဆောင်တာက ဘိုးရင်းကုမ္ပဏီအမှုဆောင်ချုပ် ဒန်းနစ်မူလန် ဘာ့ဂ်နဲ့ တခြားကုမ္ပဏီက ထိပ်တန်း ပုဂ္ဂိုလ်တွေအတွက် သက်သာရာရစေတယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် အသက်ဆုံးရှုံးခဲ့သူတွေအတွက် ခေတ္တခဏ တိတ်ဆိတ်စွာ နေခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးမှာတော့ သိပ်ပြီးအခြေအနေ မကောင်း လှပါဘူး။

 

မသေချာမရေရာမှုများ

 

ဘိုးရင်းကုမ္ပဏီဟာ နှစ်ကြိမ်တိုင်တိုင် ပျက်ကျမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ရပ်နားထားတဲ့ လေယာဉ်တွေ ပြန်လည်ပျံသန်းနိုင်ဖို့ မသေချာမရောရာတဲ့ အချိန်ဇယားတစ်ခုနဲ့ ရင်ဆိုင်နေရကာ လေယာဉ်ဒီဇိုင်းသစ်နဲ့ ပတ်သက်ပြီး မေးလာကြတဲ့မေးခွန်းပေါင်း မြောက်မြားစွာကိုသာမက ပြဿနာတွေကြောင့် ဖြစ်လာနိုင်တဲ့ ကုန်ကျစရိတ်တွေကိုပါ ရင်ဆိုင်နေရပါတယ်။မူလန်ဘာ့ဂ်အနေနဲ့ ရာထူးကနေနုတ်ထွက်ဖို့ ရှိမရှိ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းခြင်းကို ခံနေရပါတယ်။ “ဘေးကင်း လုံခြုံမှုကို ကျွန်ုပ်တို့ အလေးထားဆောင်ရွက်နေပါတယ်။ ခင်ဗျားတို့ကို ကျွန်တော် ပြောနိုင်တာကတော့ ဒီမတော်တဆ ဖြစ်ရပ်တွေက ကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်တော်တို့အပေါ်မှာ အကြီးအကျယ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့တယ်ဆိုတာ ပဲ”လို့ မူလန်ဘာ့ဂ်က ချေပခဲ့ပါတယ်။

 

မေးခွန်းပေါင်းမြောက်မြားစွာ

 

ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကတော့ ဘေးကင်းလုံခြုံမှု၊ အရည်အသွေးနဲ့ ပြီးပြည့်စုံတဲ့အခြေအနေတွေကို ဆက်လက်ပြီး ဦးဆောင်သွားလိုတာပါပဲလို့ ၎င်းက မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ ကျပ်တည်းတဲ့ အခြေအနေတွေကြောင့် ယခုနှစ်ရဲ့ ပထမသုံးလမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကုန်ကျဖို့ ဖြစ်လာ တော့မယ်လို့ မူလန်ဘာ့ဂ်က ထည့်ပြောခဲ့ပါတယ်။ Lion Air လေယာဉ်ပျက်ကျမှုနဲ့ အီသီယိုးပီးယားလေကြောင်း လိုင်းက လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် မတ်လလယ် လောက်ကစပြီး ဘိုးရင်း ၇၃၇ မက်စ်လေယာဉ်တွေကို ပျံသန်း ပြေးဆွဲခြင်းမရှိတော့ဘဲ ရပ်နားထားခဲ့ရပါတယ်။ ဒီအခြေအနေက အမေရိကန်လေယာဉ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဘိုးရင်းဟာ ကိုယ်ထည်ကျဉ်းမြောင်းတဲ့ လေယာဉ်သစ်ကို ဈေးကွက်တင်ဖို့နဲ့ Airbusနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းရင်း ဘေးကင်းလုံခြုံမှုအပိုင်းမှာ လစ်ဟာမှုရှိခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းမြောက်မြားစွာကို ပေါ်ထွက် လာစေခဲ့ပါတယ်။

 

ဆော့ဖ်ဝဲပိုင်းအဆင့်မြှင့်တင်

 

လေယာဉ်ပျက်ကျမှုနှစ်ခုစလုံးမှာ antistall system လေယာဉ်ဆီကိုလာတဲ့ သတင်းအချက် အလက်မှားယွင်း မှုတွေပါနေတယ်လို့ ဘိုးရင်းကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ မတော်တဆဖြစ်ရပ်နှစ်ခုဟာဆိုရင် ကွင်းဆက် ဖြစ်ရပ်တွေရှိနေပြီး အဲဒီဆက်နွယ်မှုတွေထဲက တစ်ခုကတော့ MCAS system ရဲ့ လှုံ့ဆော်မှု ဖြစ်တယ်။ ဆော့ဖ်ဝဲပိုင်းအဆင့်မြှင့်တင်ပြီး ဒီဆက် နွှယ်မှုကို ချိုးဖျက်နိုင်တယ်လို့ ဘိုးရင်းရဲ့ စီအီးအို မူလန်ဘာ့ဂ်က မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ သို့သော်လည်း မူလန်ဘာ့ဂ်က MCAS system နဲ့ပတ်သက်ပြီး ဒီဇိုင်းမှာ အပြစ်အနာအဆာ ရှိတယ်ဆိုတာ မဟုတ်ဘူးလို့ အကြိမ်ကြိမ်အခါခါ ငြင်းဆန်ခဲ့ပါ တယ်။ ဒီမတော် တဆဖြစ်ရပ်မျိုးတွေမှာ အကြောင်းရင်းဟာ တစ်ခုမကရှိနေတယ်၊စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ် ဆောင်နေဆဲပဲလို့ ၎င်းက ပြောကြားခဲ့ပါတယ်။

 

ထောက်အထားများတင်ပြထား

 

အမေရိကန်လေကြောင်းလိုင်းတွေဖြစ်ကြတဲ့ American Airlines နဲ့ Southwest Airlines တို့က လာမယ့် ဩဂုတ် လလောက်မှာ ၇၃၇ မက်စ်လေယာဉ်တွေ ပျံသန်းမှု ပြန်လည် စတင်နိုင်ဖို့ ရည်မှန်းထားပြီး အဲဒီအချိန်လောက်မှာ ဘိုးရင်း ကုမ္ပဏီဟာ အတည်ပြုထောက်ခံချက်ရလိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။ ဘိုးရင်းကုမ္ပဏီဟာ MCAS စနစ် ပြင်ဆင်မှုအတွက်  လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတချို့ကို ဖက်ဒရယ်လေကြောင်း အာဏာပိုင်အဖွဲ့ထံ တင်သွင်းထား တယ်လို့ ဒီကိစ္စတွေနဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ဦးက ပြောကြားပါတယ်။ လာမယ့်ရက်တွေအတွင်း စမ်းသပ်ပျံသန်းမှုအပြီးမှာ ဒီဆော့ဖ်ဝဲအောင်မြင်ပြီလို့ ယူဆရမှာဖြစ်ပါတယ်။

 

ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့ဟာ တရားဝင် ထိန်းသိမ်းရေးအဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ လာမယ့် မေ ၂၃ မှာ ဆွေးနွေးပွဲတွေ ပြုလုပ်ပြီးနောက် ဆော့ဖ်ဝဲပိုင်း အဆင့်မြှင့်တင်မှုကို အရည် အသွေးပြည့်မီကြောင်း အသိ အမှတ်ပြုဖို့ ဘိုးရင်းကုမ္ပဏီက မျှော်လင့်ထားတယ်လို့ ကုမ္ပဏီ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ လေယာဉ်ကိုမောင်းနှင်တဲ့လေယာဉ်မှူးတွေဟာ သတိပေး နှိုးဆော်ချက်တွေနဲ့ ပတ်သက်တဲ့ နောက်ထပ်လေ့ကျင့်သင်ကြားမှုတွေ လိုအပ်ခြင်းရှိမရှိ စစ်ဆေးပြီးချိန်မှာ ဖက်ဒရယ်လေကြောင်း အာဏာပိုင်အဖွဲ့က လေယာဉ်တွေရပ်နားဖို့ òန်ကြားခဲ့တယ် လို့ အဆိုပါကိစ္စရပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ဦးကပြောကြားခဲ့ပါတယ်။

 

အသေးစိတ်မဖော်ပြ

 

လေယာဉ်တွေပျံသန်းမှုကို ရပ်နားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အာဏာပိုင်အဖွဲ့အစည်းအတွင်း အဆင့်မြင့်အရာရှိတွေ ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက် တွေကို လုံးဝဖော်ပြခြင်းမရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။ဘိုးရင်းကုမ္ပဏီရဲ့ရှယ်ယာတွေဟာ အမေရိကန် ဒေါ်လာ ၃၇၉ ဒသမ ဝ၅ မှာ ဝ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းပြီး အဆုံးသတ်သွားခဲ့ပါတယ်။

 

ကိုးကား-အေအက်ဖ်ပီ