ရန်ကုန်  ၂၉   ဇူလိုင် 


အရာထမ်းလောင်းအခြေခံ (အထူး) သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရန် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေသကဲ့သို့ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်း အတတ်နိုင်ဆုံးဆောင်ရွက်နေပါကြောင်း၊ ယခု (၈) ပတ်တာကာလ သင်တန်းတွင် အရာရှိများအတွက် လိုအပ်မည့် ရုံးလုပ်ငန်း၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ စသည့် အကြောင်းအရာများနှင့် ဝန်ကြီးဌာနတွင် အဓိကလုပ်ဆောင်နေသော လုပ်ငန်းအကြောင်းအရာများကိုပါ ပို့ချသွားမည်ဖြစ်သဖြင့် အလေးအနက်ထားကာ ကြိုးစားမှတ်သားကြစေလိုပါကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် အရာထမ်းလောင်းဆရာဝန် (၄၁၄) ဦးနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အရာထမ်းလောင်းဆရာဝန် (၃၀၉) ဦးတက်ရောက်နေသည်ကို သိရှိရပါကြောင်း၊ သင်တန်းပြီးမြောက်သည့်အခါ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ အထူးကုဆရာဝန်ကြီးများ တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံကြီးများတွင် အရာထမ်းလောင်းဆရာဝန်များ၏ ဆန္ဒပြုလျှောက်ထားသည့်နေရာများ ရရှိစေရန် အတတ်နိုင်ဆုံးစီစဉ်ကာ တာဝန်ချထားပေးသွားမည်ဖြစ်ပါကြောင်း။


ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရန် လုပ်ငန်းလိုအပ်ချက်များရှိနေသော ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်မှုကာလ (၂) နှစ်ပြည့်မြောက်သည့်အခါ ဝန်ကြီးဌာနရှိ အခြားဦးစီးဌာနများသို့လည်း ပြောင်းရွေ့တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းဆရာဝန်များအနေဖြင့် ဝန်ကြီးဌာန၏ ကျရာတာဝန်များကို ဝိုင်းဝန်းထမ်းဆောင်ရာတွင် လုပ်ငန်းခွင်တွင် အဆင်ပြေစိတ်ချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်စေရေး၊ ဘဝတက်လမ်း အခွင့်အလမ်းများနှင့် ရာထူးအခွင့်အလမ်းများ တိုးတက်ရရှိစေရေး၊ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားစေရေးအတွက် အစီအစဉ်များချမှတ်ကာ အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။


ဝန်ထမ်းဆရာဝန်များအတွက် (၂၀၂၀)ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၇) မျိုး၊ မဟာသိပ္ပံသင်တန်း (၃၀) မျိုး၊ ဆေးလက်တွေ့အခြေခံပါရဂူသင်တန်း (၆) မျိုး၊ ဆေးလက်တွေ့ပါရဂူသင်တန်း (၄၁)၊ စုစုပေါင်း ၈၄ မျိုး  မျိုးတို့အတွက် ရွေးချယ်ခေါ်ယူလေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ဝန်ကြီးဌာနအနေဖြင့်ဝန်ထမ်းများ အင်တာနက် (online) မှတစ်ဆင့် နိုင်ငံတကာမှ ပညာတော်သင်များ လျှောက်ထားခြင်းကိုလည်း ခွင့်ပြုစေလွှတ်လျက်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဆေးပညာရှင်ဆရာဝန်များ လုပ်ငန်းခွင်မပြတ် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားလေ့လာနိုင်ရန်အတွက် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ World Medical Association မှ ဦးစီးပြုလုပ်သည့် online courseများသို့ တက်ရောက်နိုင်ရေးအတွက်လည်း စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဆေးတက္ကသိုလ်များ အနေဖြင့်လည်း နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ များရေး ထိုး၍ တက္ကသိုလ်များ၏ ဘက်စုံအဆင့်မြင့်မားတိုးတက်ရေး၊ သင်ကြားသင်ယူမှု အရည်အသွေး ပိုမိုမြင့်မားရေးကိစ္စရပ်များနှင့် သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်စေရန် ကိစ္စရပ်များပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။


ဝန်ကြီးဌာန၏ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တာဝန်များကို မကြာမီထမ်းဆောင်ကြမည့် အရာထမ်းလောင်း ဆရာဝန်များအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန်စေရန် ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပြီး ဝန်ကြီးဌာန၏ ပုံရိပ်ကိုမြှင့်တင်ပေးနိုင်မည့် ကျင့်ဝတ်နှင့် ပညာရည်မြင့်မားသည့် အနာဂတ်ခေါင်းဆောင် ဆေးပညာရှင်များ ဖြစ်ကြပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။


အဆိုပါသင်တန်းသို့ အရာထမ်းလောင်းဆရာဝန် သင်တန်းသား (၂၀၁)ဦးနှင့် သင်တန်းသူ (၂၁၃)ဦး စုစုပေါင်း (၄၁၄)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၈)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)