နေပြည်တော်၊ ၁၄ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၁၁၇)ကို Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန် သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အနေဖြင့် ၂၀၂၀-၂၀၂၁ လေ့ကျင့်ရေးနှစ်အတွင်း ဒုတိယအကြိမ် Online Learning System ဖြင့် သင်တန်းဖွင့်လှစ် ပို့ချခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး ICT နည်းပညာများကို အသုံးပြု၍ နိုင်ငံ့ဝန်ထမ်း အရာထမ်းငယ်များကို ပို့ချပေးခြင်းဖြစ်သည်။ အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၂၈)ခုမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား၊ သင်တန်းသူ ၁၁၉ ဦးအား တန်းခွဲ(၂)ခုခွဲ၍ သင်တန်းကာလ ရက်သတ္တ (၄)ပတ်ကြာ သင်တန်းပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MDN


