ရန်ကုန် ၁၆  ဩဂုတ်  


ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကေတုမတီခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်ဒေါက်တာဦးပွား၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီစံ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာ ဦးပွားက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်း၏ ရည်ရွယ်ချက်များကို သိရှိနားလည်ကာ သင်တန်းပြီးမြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြပြီး အကျိုးရှိသည့် အမြင်များ ဖလှယ်၍ ဘာသာရပ်ဆိုင်ရာ စာတမ်းငယ်များကိုလည်း အချိန်မီပြီးစီးအောင် ကြိုးစား တင်ပြနိုင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။

    
သင်တန်းသား၊ သင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် မိမိတို့ဌာနအဖွဲ့အစည်း၏ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဌာနနှင့် နိုင်ငံတော်အပေါ် သစ္စာရှိရှိနှင့် ထမ်းရွက်ရန်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲ တက်ညီလက်ညီနှင့် စုပေါင်းလုပ်ကိုင်ဆောင်ရွက်ရန်နှင့် ဘက်လိုက်မှုမရှိဘဲ အဂတိကင်းရှင်းစွာ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။

    
ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိအား ပေးအပ်ထားသော လုပ်ငန်းတာဝန်ကို မှန်ကန်စွာပြီးမြောက်အောင် ဆောင်ရွက်ခြင်းသည် တာဝန်ကျေပွန်ခြင်းပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွား အတွက် ဦးတည်ကာ တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်လျှင် အမြင့်ဆုံးသောတာဝန် ကျေပွန်ခြင်းဖြစ်ပါကြောင်း၊ တာဝန်ကျေပွန်သော ဝန်ထမ်းကောင်းတို့၏ စွမ်းဆောင်မှုများဖြင့် နိုင်ငံကောင်းအောင် တည်ဆောက်နိုင်ရန် လိုအပ်ပါကြောင်း။
    

နိုင်ငံ၏အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် အရာရှိကြီးများအတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများနှင့် မြန်မာ့နိုင်ငံရေး အခြေအနေတို့ကိုလည်း မျက်ခြေမပြတ် အစဉ်အမြဲ လေ့လာဆည်းပူးကြရန် ဖြစ်ကြောင်း၊ မိမိတို့၏ ပင်ကိုစွမ်းပကား၊ အတွေ့အကြုံ၊ သင်တန်းမှ ရရှိလာသည့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတများနှင့် မိမိတို့ရှိပြီးသား အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတ များကို စနစ်တကျ ပေါင်းစပ်ပြီး မိမိတို့လုပ်ငန်းခွင်မှာ အကျိုးရှိရှိ အသုံးချကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။


အဆိုပါသင်တန်းကို သင်တန်းသား (၁၁)ဦး၊ သင်တန်းသူ (၇) ဦး၊ စုစုပေါင်း (၁၈) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန် ၂၄ ရက်မှ ဩဂုတ် ၁၆   ရက်ထိ ရက်သတ္တ (၈)ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်