ရန်ကုန် ၂၄ ဇွန်   

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကေတုမတီခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့  အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း က  ဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းမှာ အဓိကတာဝန်ထမ်းဆောင်နေပြီး အနာဂတ်မှာ နိုင်ငံတော်၏ ပိုမိုကြီးမားတဲ့ တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာစေပြီး မိမိတာဝန်ယူရသည့် ဝန်ထမ်းအဖွဲ့အစည်းတွင် ဦးဆောင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန်နှင့် အနာဂတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ 

လက်ရှိအစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုများနှင့်အတူ ကဏ္ဍစုံ အထွေထွေပြုပြင်ပြောင်းလဲမှုများကို အခြေခံမှစတင် ပြောင်းလဲနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေသော်လည်း အနာဂတ်ရည်မှန်းချက် စံနှုန်းများနဲ့ တိုင်းတာရာမှာ လိုအပ်ချက်များစွာ  ရှိနေပါကြောင်း၊ ပြုပြင်ပြောင်းလဲခြင်းဆိုသည့် လမ်းကြောင်း ကိုသွားရာမှာ နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းများတိုးတက်စေရန် အမြဲဆောင်ရွက်နေရမှာ ဖြစ်ပါကြောင်း၊

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေးအတွက် ယခင်ပြည်သူ့ရေးရာ အုပ်ချုပ်မှုစနစ်ဟောင်းမှ လက်ရှိနိုင်ငံတော်က ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီစနစ်နှင့် လျော်ညီသော ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုစနစ်သစ်တို့ကို အထောက်အကူပြုပြီး ပြည်သူ့အတွက် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံ့ဝန်ထမ်းကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးနေပြီ ဖြစ်ပါကြောင်း၊

ဝန်ထမ်းများသည် မိမိတို့၏သက်ဆိုင်ရာ ကျွမ်းကျင်ရာ နယ်ပယ်များတွင် မိမိတို့ ကိုယ်တိုင်ခေါင်းဆောင်စိတ်ဓာတ်မွေးမြူလျက် တာဝန်ယူမှု တာဝန်ခံမှုတို့ဖြင့် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြမှသာ နိုင်ငံနှင့်လူမျိုး တိုးတက်အောင်မြင်လာမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် နိုင်ငံတော် အစိုးရ၊ ဝန်ထမ်းနှင့် ပြည်သူအတူလက်တွဲ၍ တူညီသောရည်မှန်းချက်များထားရှိပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။ 

အဆိုပါသင်တန်းကို သင်တန်းသား(၁၁)ဦး၊ သင်တန်းသူ(၇)ဦး၊ စုစုပေါင်း(၁၈)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန် ၂၄ ရက်မှ  သြဂုတ် ၁၆ ရက်ထိ ရက်သတ္တ(၈)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)