နေပြည်တော်၊ ၂၁ ဇွန်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအတွက် အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ယခုဖွင့်လှစ်သည့်သင်တန်းသည် နိုင်ငံတစ်ဝှမ်းရှိ ဒေသဆိုင်ရာအုပ်ချုပ်ရေးအတွက် ကျောရိုးဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ ပိုမိုကောင်းမွန်လာစေရန်၊ ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည် ကျွမ်းကျင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများသည် ခေတ်အဆက်ဆက်နိုင်ငံ့ အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်ခဲ့ကြပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်နှင့် ခရိုင်၊မြို့နယ် အုပ်ချုပ်ရေးကို အဓိကတာဝန်ယူ ဆောင်ရွက်ကြရပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှာလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုအောက်တွင် ရှိပါကြောင်း။
မြေယာစီမံခန့်ခွဲရေး၊ ယစ်မျိုးစီမံခန့်ခွဲရေး၊ အခွန်လေးမျိုးကောက်ခံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာလုပ်ငန်း၊ အသင်းအဖွဲ့ မှတ်ပုံတင်ရေးဆိုင်ရာလုပ်ငန်း စသည်တို့ကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းတိုင်းသည် ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့ ဆက်ဆံရသဖြင့်် နိုင်ငံတော်၏ မူဝါဒ၊ အခြေခံသဘောတရားများနှင့် ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးအတွက် ဌာန၏ ဆောင်ပုဒ်နှင့်အညီ ဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင်လည်း မှန်ကန်သည့် စိတ်ဓာတ်၊ မြင့်မားသည့်ခံယူချက်များနှင့် အဂတိကင်းစွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား (၁၄၉) ဦး၊ သင်တန်းသူ (၁၀၀)၊ စုစုပေါင်း (၂၄၉)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၂၁ ရက်မှ ဩဂုတ်၂၇ ရက်အထိ ရက်သတ္တ (၁၀)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


