နေပြည်တော်                   အောက်တိုဘာ       ၂၉   

  

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၇)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၈)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်  ဗဟို၀န်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နဝရတ်ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက သင်တန်းကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၌  အဆင့်မြင့်တာဝန်များကို ထမ်းဆောင်လျက် ရှိကြပြီး အနာဂတ်တွင် နိုင်ငံတော်၏  ကြီးမားသည့်လုပ်ငန်းတာဝန်များကို ဦးစီးဦးဆောင် ထမ်းဆောင်ကြမည့် အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေးနှင့် ခံယူချက်များ ပိုမိုထက်မြက်မြင့်မားလာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဘာသာရပ် ပို့ချမှုအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန (၂၀)နှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း(၇)ခုမှ အဆင့်မြင့်အရာရှိကြီးများက ပါဝင်ပို့ချ ဆွေးနွေးသင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်၏ချမှတ်ထားသည့် မူဝါဒများနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၏ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဘက်စုံထောင့်စုံက ပိုမိုသိမြင်ဆွေးနွေးနိုင်မည့် အခွင့်အလမ်းကောင်းကို ရရှိကြ မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ကြီးလေးသည့် တာဝန်များကို ထမ်းဆောင်ရာတွင် မိမိလုပ်ငန်းနယ်ပယ်တစ်ခုတည်း တတ်သိနားလည် ကျွမ်းကျင်ရုံနှင့် မလုံလောက်ဘဲ နိုင်ငံတော်အုပ်ချုပ်မှု ယန္တရားကြီးတစ်ရပ်လုံး၏ လည်ပတ် ဆောင်ရွက်နေသည့် အခြေအနေများကို နှံ့နှံ့စပ်စပ် သိရှိနားလည်ပြီး မိမိလုပ်ငန်း တာဝန်များကို ဟန်ချက်ညီညီထိန်းကျောင်း ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

 

“ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်”ဆိုသည့် ဆောင်ပုဒ်အတိုင်း ဝန်ထမ်းများ၏ အရည်အသွေး စွမ်းရည်မြင့်မားအောင် နိုင်ငံတော်က လေ့ကျင့်သင်ကြားပေးပြီး ထိန်းကျောင်း နေသည့်နေရာတွင် အဆင့်မြင့်အရာရှိကြီးများ၏ တာဝန်သိမှုနှင့် အမြော်အမြင်ရှိမှုမှာ အထူးအရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်ထက်မြက်၍ စိတ်ဓာတ်နှင့် ခံယူချက် ပိုမိုမြင့်မားစေရန်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် (၂)ခုက အမှုထမ်း၊ အရာထမ်းအားလုံးကို အဆင့်လိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများ ကလည်း ဌာနတွင်းမွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။

 

ထို့ပြင် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူနိုင်ရန် ပြည်ပနိုင်ငံ များရှိတက္ကသိုလ်၊ အဖွဲ့အစည်းများသို့ (၁)နှစ်လျှင် ပညာတော်သင် ၂၅၀၀ မှ ၃၀၀၀ ခန့်အထိ စေလွှတ်ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်၌ ဖြစ်ပေါ်ခဲ့သည့် CDM လှုပ်ရှားမှုများတွင် ကိုယ်ကျိုးစီးပွားနှင့် ဆက်နွှယ်နေသည့် အဆင့်မြင့်အရာထမ်း အနည်းငယ်နှင့် အမြော်အမြင်နည်းပါးသည့် အောက်ခြေအရာထမ်း အမှုထမ်း အချို့ပါဝင် သွားသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း (၉၀ ရာခိုင်နှုန်း) ကျော်သည် တာဝန်သိသိ အမြော်အမြင်ရှိရှိ နိုင်ငံတော်ကို သစ္စာစောင့်သိကြသည့်အတွက် နိုင်ငံတော်အုပ်ချုပ်မှု ယန္တရားလည်ပတ်မှုအပေါ် သက်ရောက်မှုနည်းပါးသော်လည်း ရွေးချယ်လေ့ကျင့်ပေးထားသည့် နိုင်ငံ့ဝန်ထမ်းအချို့ ဆုံးရှုံးမှုသည် နိုင်ငံတော်အတွက် သာမက ကာယကံရှင် နိုင်ငံ့ဝန်ထမ်းများအတွက်ပါ ကြီးမားသည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရန်အတွက် အားလုံးကြိုးပမ်း ဆောင်ရွက်ပေးကြရန်လည်း မှာကြားလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း အားလုံးသည် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် နိုင်ငံတော်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ မည်သည့်အစိုးရ အုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်မှု ယန္တရားခိုင်မာအောင် သစ္စာရှိရှိထိန်းသိမ်းကြရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းများ အစဉ်အမြဲတိုးတက်စေရေးကို  အမြဲရှေးရှုဆောင်ရွက်ရန်  တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

 

သင်တန်းဖွင့်ပွဲတွင် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၇)သို့ သင်တန်းသား(၁၂)ဦး၊ သင်တန်းသူ(၉)ဦး၊ စုစုပေါင်း (၂၁)ဦးနှင့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း၊ အမှတ်စဉ် (၈)သို့ သင်တန်းသား(၂၅)၊ သင်တန်းသူ(၂၁)၊ စုစုပေါင်း (၄၆)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိ ရက်သတ္တပတ် (၈)ပတ် ကြာမြင့်မည်ဖြစ်သည်။

 

ဆက်လက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ဝန်ထမ်းအဖွဲ့ အစည်းဒုတိယ အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၇)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၈)မှ သင်တန်းသား၊ သင်တန်းသူများကို “ကုလသမဂ္ဂနှင့် နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်” ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သိရသည်။

 

သတင်းစဉ်