နေပြည်တော်   မတ်   ၂၅

 

အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၅)တို့၏ သင်တန်းဆင်း အခမ်းအနားကို မတ် ၂၅ ရက် နံနက် ၈ နာရီက ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်က “တက္ကသိုလ်ရှိ ပညာဌာနကြီး ရှစ်ခုမှ သက်ဆိုင်ရာ ဘာသာရပ်များကို ငါးလတာ စာတွေ့ လက်တွေ့ သင်ကြား ပို့ချပေးခဲ့သည့်အပြင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များက သိသင့်သည့် ပညာရပ်များကို ၎င်းတို့၏ အတွေ့အကြုံနှင့် ပညာရပ်ပိုင်းဆိုင်ရာရှုထောင့်မှ သင်ကြားပေးခဲ့ကြကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံ ဗဟုသုတများသည် အလယ်အလတ်အဆင့် အရာထမ်းများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာစေပြီး တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းအဖွဲ့အစည်းတွင် ဦးဆောင်နိုင်မှုစွမ်းရည်များ တိုးတက်လာစေမည်ဟု ယုံကြည်ပါကြောင်း။

 

သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းခွင်နယ်ပယ်များ၌ သင်တန်းမှ လေ့လာဆည်းပူး ရရှိခဲ့သည့် အတွေးအမြင်များ၊ အသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတများကို လက်တွေ့အသုံးချပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်ရာတွင် တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်ကြရန်၊  နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပြည်သူများ၏ ဆန္ဒသဘောထားကို အလေးအနက် ထားကာ အမျိုးသား အကျိုးစီးပွားကို ဦးထိပ်ထား၍ တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြရန်နှင့် နိုင်ငံနှင့် လူမျိုးအတွက် ဝန်ထမ်းကောင်းစိတ်ဓာတ်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။

 

ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် ဝန်ထမ်းအဖွဲ့အစည်းအပေါ် သစ္စာရှိသော၊ တာဝန်ယူသော၊ လိုလားတက်ကြွစွာဖြင့် ထမ်းဆောင်သော ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်ဆောင်ရွက်ရင်း ဝန်ထမ်းအဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်အောင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပေးကြရန်နှင့် ခေတ်မီသော အတွေးအခေါ်၊ ခံယူချက်၊ ယုံကြည်ချက်များရှိပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်၍ စွမ်းရည်ထက်မြက်သော နိုင်ငံ့ဝန်ထမ်းကောင်း များဖြစ်အောင် ဆက်လက်ကြိုးစား သွားကြရမည်ဖြစ်ကြောင်း” မှာကြားသည်။

 

ထို့နောက် သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို အဖွဲ့ဝင် ဦးရဲနိုင်က လည်းကောင်း အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များကို ပါမောက္ခချုပ် ဦးကျော်စိုးက လည်းကောင်း ချီးမြှင့်ပေးအပ်သည်။

 

သင်တန်းဆင်းပွဲသို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဒေါ်ခင်စမ်းယု၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဒေါက်တာခင်မာမျိုး၊ သင်တန်းသား သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်