ရန်ကုန် ၃ ဖေဖော်ဝါရီ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကေတုမတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဦးပွားက ဝန်ကြီးဌာနအဖွဲ့အစည်းအသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းတွင် အဓိကတာဝန်ထမ်းဆောင်နေပြီး အနာဂတ်တွင် နိုင်ငံတော်၏ ကြီးမားသည့် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အဆင့်မြင့် အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာစေရေး ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ပါကြောင်း။
သင်တန်းကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိကြီးများနှင့် ပြည်တွင်းပညာရှင်များက ၎င်းတို့လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ပြည်ပအဖွဲ့ အစည်းများမှ ပညာရှင်များက၎င်းတို့၏ ကောင်းမွန်သော လုပ်ငန်းဆောင်ရွက်ချက်များ အတွေ့အကြုံများကို မိမိတို့နိုင်ငံနှင့် နှိုင်းယှဉ်၍လည်းကောင်း၊ ဆွေးနွေးပို့ချပေး သွားမည်ဖြစ် ပါကြောင်း။
နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံ့ဝန်ထမ်းများကို ကျွမ်းကျင်မှုအတတ်ပညာ၊ သုတပညာ၊ သမ္ဘာတိုးတက်လာစေရန်အတွက် လေ့ကျင့်ပေးလျက်ရှိရာ နိုင်ငံဝန်ထမ်းများကလည်း Return of Investment အနေဖြင့် မိမိရာထူးအဆင့်နှင့် လျော်ညီသည့် အရည်အသွေး၊ စွမ်းဆောင် ရည် တိုးတက်လာအောင် အစဉ်ကြိုးစားလေ့လာသင်ယူပြီး နိုင်ငံတော်နှင့်ပြည်သူအပေါ် ပြန်လည်အလုပ်အကျွေးပြုရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၏ ရည်ရွယ်ချက်များဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်စနစ် ထွန်းကားရေး၊ စျေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာမှာ ပြည်သူကိုအနီးကပ် ဝန်ဆောင်မှုပေးရသည့် နိုင်ငံ့ဝန်ထမ်း၏စွမ်းအားနှင့် စွမ်းဆောင်ရည်တို့သည် အလွန်အရေးကြီးသည့်အတွက် စွမ်းအားနှင့်စွမ်းဆောင်ရည်များ အစဉ်တိုးတက်နေစေရန် ပညာသစ်၊ အတွေ့အကြုံသစ်များကို ဆက်လက်လေ့လာသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်းနှင့် သင်တန်းကာလအတွင်း မိမိအတွက်၊ မိမိဝန်ကြီးဌာနနှင့်နိုင်ငံအတွက် အကျိုးရှိအောင် ကြိုးစားသင်ယူကြရန် ပြောကြားသည်။
သင်တန်းသို့ ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာန(၂၁)ခုမှ ညွှန်ကြားရေးမှူးအဆင့်ရှိ သင်တန်းသား (၂၇)ဦး၊ သင်တန်းသူ (၁၅)ဦး၊ စုစုပေါင်း(၄၂)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၃ ရက်မှ မတ်လ ၂၆ ရက်အထိ ရက်သတ္တ(၈) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ထိုနောက် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော သင်တန်းသား(၅၀)ဆံ့ (၄)ခန်းပါ RC Hall Type နတ်သျှင်နောင်ခန်းမ (၂)ထပ်စာသင်ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀) နာရီတွင် အဆိုပါခန်းမအဆောင်သစ်ရှေ့၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်တင်စိုး၊ ဝန်ထမ်းရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းဟန်၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဝင်းမော် က နတ်သျှင်နောင်ခန်းမ၏ ကမ္ဗည်းမှတ်တမ်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁၅)၊ အလယ်အလတ်အဆင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၄)၊ အရာထမ်းအခြေခံ သင်တန်းအမှတ်စဉ်(၂၁၂)၊ အရာထမ်းလောင်းအခြေခံသင်တန်း ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၇)၊ စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၆၈)တို့မှ သင်တန်းသား/သင်တန်းသူ ကိုယ်စားလှယ်(၁)ဦးစီတို့က အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းကို အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး နတ်သျှင်နောင်ခန်းမအတွင်း လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်