mdn

ရန်ကုန် နိုဝင်ဘာ ၈

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အလယ် အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာ သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။ 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊  ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ဖြစ်သော  ဦးရဲနိုင်နှင့် ဦးစိုးတင့် ၊  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဗဟိုဝန် ထမ်းတက္ကသိုလ် မှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးသန်းဆွေက သက်ဆိုင်ရာလက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကွပ်ကဲအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုကို အထက် အောက်ချိတ်ဆက် တာဝန်ယူကြရသော အရာထမ်းများအရည်အသွေးပိုမိုမြင့်မားပြီး စိတ်နေ သဘောထားခံယူချက် မှန်ကန်ခိုင်မာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးယန္တရား အတွက် အားကိုးရမည့် အဆင့်မြင့် အရာရှိကြီးများဖြစ်စေရန် ရည်ရွယ်လေ့ကျင့် သင်ကြားပေးခြင်းဖြစ် ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင်လည်း လုပ်ငန်းသဘောသဘာဝ နှင့် သက်ဆိုင်သော မွမ်းမံသင်တန်းများကို လေ့ကျင့်သင်ကြားပေးသကဲ့သို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းအားလုံး စွမ်းရည်မြင့်မားရေး ရာထူးအဆင့်လိုက် သင်တန်းများ လေ့ကျင့်ပို့ချပေးလျက်ရှိပါကြောင်း။

သင်တန်းတွင် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆနှင့် အတွေ့အကြုံများ  သိရှိစေပြီး မိမိတို့လုပ်ငန်းတာဝန်များ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ တွင် ထိရောက်ထက်မြက်စွာ ဆောင်ရွက် တတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ ပိုမိုနားလည်တက်ကျွမ်းစေရန်၊ ကောင်းမွန်သော အုပ်ချုပ်ရေးသဘောတရားများ သိရှိ နားလည်စေရန်နှင့် ပြည်တွင်းပြည်ပ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ် ကြောင်း။

ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသောဆောင်ပုဒ် နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ သည် မည်သည့်အစိုးရအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်ယန္တရားကြီး ကောင်းမွန် ချောမွေ့စွာ လည်ပတ်နိုင်စေရန် တာဝန်ယူဆောင်ရွက်ပေးရသူများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး  နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်း စဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ၏ အကျိုးစီးပွားအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးစားထမ်းဆောင်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ကိုဗစ် ရောဂါ ကူးစက်မှုကာလအတွင်း ဖွင့်လှစ်ရသော သင်တန်းဖြစ်၍ သတ်မှတ်ထားသည့် စည်းကမ်း ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားရန် အထူးမှာကြားလိုပါကြောင်း ပြောကြား သည်။

သင်တန်းဖွင့်ပွဲတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးအဆင့် သင်တန်းသား(၄၀)၊ သင်တန်းသူ(၃၄)ဦး၊ စုစုပေါင်း(၇၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၈ ရက်မှ မတ် ၂၅ ရက်အထိ ရက်သတ္တ(၂၀)ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။ 

( သတင်းစဉ်)