နေပြည်တော် ၁၃  ဇန်နဝါရီ 

အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဝရတ်ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက နိုင်ငံ့ ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၏ မူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်ပေးနေသည့် အင်အားစုများဖြစ်ပြီး ပြည်သူလူထုအတွက် အခြေခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန် တာဝန်ရှိသူများဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအများစုသည် အစိုးရကို ကိုယ်စားပြု သူများဖြစ်သောကြောင့်  အစိုးရနှင့် ပြည်သူကြား ယုံကြည်မှု တည်ဆောက်ရေးတွင် အခရာကျ သူများ ဖြစ်ကြောင်း၊ အခုသင်တန်းသည် နိုင်ငံ့ဝန်ထမ်းများ၏ လိုအပ်ချက်စွမ်းရည်များကို ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံ့ဝန်ထမ်းလောက ခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင် တစ်စိတ် တစ်ပိုင်း အထောက်အကူပြုမည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ကြောင့့်် နိုင်ငံတော်အစိုးရက အရာရှိကြီးများကို စွမ်းဆောင်ရည်မြှင့်တင်ပေးမှုနှင့်  လေ့ကျင့်သင်တန်းပေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းသည် အုပ်ချုပ်ရေးကဏ္ဍ၏ ခေါင်းဆောင်မှု အရည်အသွေး တိုးတက်လာရန်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း မိမိဝန်ကြီးဌာနနှင့် မိမိနိုင်ငံအတွက် အကျိုးရှိအောင် ကြိုးကြိုးစားစားသင်ယူကြရန်၊ ကောင်း၍စွမ်းရည်ထက်မြက်သော နိုင်ငံ့ဝန်ထမ်း များဖြစ်အောင် အတွေးအခေါ်ခံယူချက်၊ ယုံကြည်ချက်များကို  ခေတ်စနစ်နှင့်အညီ ပြုပြင် ပြောင်းလဲကြရန်၊ နိုင်ငံတော်၏ တာဝန်များကို ကိုယ်ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ရုံ သာမက စေတနာကောင်းလည်း ထည့်သွင်းဆောင်ရွက်ကြရန်နှင့် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ မျှော်မှန်းချက်များကို ဝန်ထမ်းကောင်းတစ်ဦးအနေဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်း အကောင်အထည်ဖော်ပေးကြရန် တိုက်တွန်းမှာကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၂ ဦးက မတ် ၆ ရက်အထိ ရက်သတ္တ (၈)ပတ်ကြာ တက်ရောက်ကြမည်ဖြစ်သည်။

ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော မဟောသဓသင်တန်းခန်းမနှင့် ယောမင်းကြီးသင်တန်း သားအိပ်ဆောင် ဖွင့်ပွဲအခမ်းအနားကို အဆိုပါအဆောင်သစ်များရှေ့တွင် ဆက်လက်ကျင်းပသည်။

အဆိုပါ အဆောင်သစ်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်ဦးကျော်စိုး၊ ဝန်ထမ်းရွေးချယ်လေ့ကျင့် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်၊ ဝန်ထမ်းရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းဟန်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပြည်သူ့ ဝန်ထမ်းအကယ်ဒမီ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ်(သင်ကြားရေး) ဒေါက်တာခင်မာမျိုးနှင့် ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)  ဦးဇော်ဇော် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဦးပွားက အဆောင်သစ်များ၏ ကမ္ပည်းဆိုင်းဘုတ်ကို စက် ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဝင်းမော်၊ ဦးစောဗယ်လင်တိုင်းနှင့် ဒေါက်တာဦးပွား၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင် စိုး၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးနှင့် တာဝန်ရှိ သူများသည် သင်တန်းခန်းမနှင့် သင်တန်းသားအိပ်ဆောင် တို့ကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ မဟောသဓသင်တန်းခန်းမတွင် သင်တန်းသား ၁၅၀ ဆံ့ Theatre Type စာသင်ခန်း (၂)ခန်းနှင့် သင်တန်းသား ၁၀ဝ ဆံ့ Hall Type စာသင်ခန်း ၂ ခန်း စုစုပေါင်းစာသင်ခန်း ၄ ခန်း ပါဝင်ပြီး သင်တန်းသား ၅၀ဝ ကို တစ်ပြိုင်တည်းသင်ကြားပို့ချပေးနိုင်မည်ဖြစ်သည်။ 

(သတင်းစဉ်)