နေပြည်တော်  ၁၃   ဒီဇင်ဘာ 

အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၆)၏ သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီးရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဦးပွားက ဝန်ကြီး ဌာန၊ အဖွဲ့ အစည်းများ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အောင်မြင်ရန် အဓိကကျသည့် စီမံခန့်ခွဲမှုအခန်းကဏ္ဍတွင် ဆောင်ရွက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများအနေ ဖြင့် စီမံခန့်ခွဲအုပ်ချုပ်မှုပညာများနှင့် ပြောင်းလဲလာသည့် နည်းပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို လေ့လာဆည်းပူးနေရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မှန်ကန်တိကျသည့် ဦးဆောင်လမ်းညွှန်မှုများကို အကောင်အထည်ဖော် ချမှတ်ပေးနိုင်မည့် အပြင် မိမိအထက်အဆင့်များကို တာဝန်ခံမှု တာဝန်ယူမှုများဖြင့် အထောက်အကူပြုနိုင်သည့် အရည်အသွေးနှင့် စွမ်းဆောင်ရည် ပြည့်ဝသူများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်သည်။

(သတင်းစဉ်)