တောင်တွင်းကြီး ၂၈   ဇွန်

ဘက်စုံအဆင့်မြင့်နည်းပညာသုံး နွေစပါးစံပြကွက်များရိတ်သိမ်းမှုကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၀က္ကသေးကျေးရွာ ကွင်းအမှတ်(၂၆၀၀)တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါစံပြကွက်များ စမ်းသပ်စိုက်ပျိုးခြင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် စံပြစိုက်ကွက်တောင်သူများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ စိုက်နည်းစနစ်များ မှန်ကန်စွာ အသုံးပြုတက်စေရန်၊ သွင်းအားစုကုန်ကျစရိတ်လျော့ကျလာစေရန်၊ ထိရောက်သည့် သွင်းအားစုကို ရွေးချယ်အသုံးပြုတက်စေရန် နည်းပညာများ ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်သည်။ စံပြကွက်တောင်သူများ၏ မြေနမူနာများရယူကာ ရရှိလာသည့်မြေရလာဒ်အရ လိုအပ်သည့်သွင်းအားစု သုံးစွဲနိုင်ရေး ညွှန်ကြားပြသပေးခြင်းဖြင့် ယခင်နှစ်ကထက် စပါးအထွက်နှုန်း ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရသည်။

 

နွေစပါးစံပြကွက်ရိတ်သိမ်းမှုနှင့် ဈေးကွက်သို့ ပြန်လည်ရောင်းချနေမှုနှင့်ပတ်သက်၍ ၀က္ကသေးကျေးရွာ တောင်သူဦးသန်းက "အခုနှစ်နွေစပါးစိုက်ရတာ တော်တော်အဆင်ပြေပါတယ်။ စိုက်ပျိုးရေးကလည်း အဆင့်-၁ မနောသုခစပါးမျိုးပေးတယ်။ စိုက်နည်းစနစ်တွေ သွင်းအားစုတွေနဲ့ပတ်သက်ပြီးတော့လည်း အကုန်ကူညီပေးတယ်။ ဆည်ရေလည်းအဆင်ပြေတယ်။ အခုရိတ်တော့လည်း စက်တွေနဲ့ဆိုတော့ အချိန်ကုန်လည်းသက်သာတယ်။ အရင်နှစ်ကထက်လည်း စပါးအထွက်တိုးတယ်။  စပါး၀ယ်မယ့် သူတွေကလည်း အခုကိုကွင်းထဲရောက်နေပြီ။ အခုနှစ်ကတော့ အစစအကုန် အဆင်ပြေပါတယ်" ဟု ပြောကြားသည်။

 

နွေစပါး ‌မနောသုခစံပြကွက် ၁၀ ဧက အား ရိတ်သိမ်းရာတွင် ၁ ဧကလျှင် ၁၁၅ တင်းနှုန်း ထွက်ရှိပြီး တစ်တင်းလျှင် ၆၂၀၀ ကျပ်ဖြင့် စပါးအ၀ယ်ဒိုင်များမှ ကွင်းအရောက် လာရောက် ၀ယ်ယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)