မိုးမိတ်   ၁၉  ဇွန်

           

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများမှ တောင်သူများအား သဘာဝမြေဩဇာများ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေဇာလီကျေးရွာ ရွာလယ်ဘုရားဓမ္မာရုံ တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က မိုးမိတ်မြို့နယ်သည် စပါးကို အဓိကစိုက်ပျိုးသော မြို့နယ်တစ်ခုဖြစ်သည်နှင့်အညီ သဘာဝမြေဩဇာကို များများအသုံးပြု စေလိုပြီး  မိမိတို့ သိရှိလိုသည်အချက်များရှိပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်းဆက်၍ သော်လည်းကောင်း လာရောက်မေးမြန်နိုင်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုး က မျိုးကောင်းသန့်များ ရရှိစေရေးနှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ခဲ့ကာ ခရိုင်ဦးစီးမှူး၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူ(၄၅)ဦးအား အရည်အသွေးမြင့် သဘာဝအော်ဂဲနစ် ကြက်ချေးမြေဩဇာများကို ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှလှနွယ်နှင့်  စိုက်ပျိုးရေးဝန်ထမ်းများက စိုက်ပျိုးရေး နည်းပညာများ၊ ဘက်စုံပိုးမွား ကာကွယ်နှိမ်နင်ရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)