လွိုင်ကော် ၂၄ ဧပြီ

 

တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုကိုအခြေခံ၍ ဘက်စုံစွမ်းဆောင်ရည်ဆု(ဆေးရုံ)ရရှိသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကုတင်(၅၀) ဆံ့ တိုင်းရင်းဆေးရုံအား (၂၀)ကြိမ်မြောက် မြန်မာ့သမားတော်များနေ့ ညီလာခံတွင် ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့်အတွက် လွိုင်ကော်မြို့၊ ကုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များနှင့် ပြည်နယ်တိုင်းရင်း ဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၏ စွမ်းဆောင်မှုကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ အခြားသောတိုင်းဒေသကြီး / ပြည်နယ်များနှင့် နှိုင်းယှဉ်မည်ဆိုပါက ပြည်နယ်တွင်းရှိ တိုင်းရင်းဆေးပညာဦးစီးဌာနများကို မိမိတို့အစိုးရ အဖွဲ့အနေဖြင့် ပံ့ပိုးမှုမနိမ့်ကျဘဲ ပိုမိုကောင်းမွန်အောင်ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအားလုံး အနေနှင့်လည်း မိမိတို့တာဝန်များကို ကျေပွန်အောင်စည်းလုံးညီညွတ်စွာဖြင့် စွမ်းဆောင်ပေးနေသည်ကိုလည်း တွေ့မြင်ရ၍ ဂုဏ်ယူမိပါကြောင်း၊ ပြည်နယ်အနေနှင့်လည်း တိုင်းရင်းဆေးပညာ ဦးစီးဌာနအပေါ် ပံ့ပိုးမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းရင်းဆေးပညာ ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်မှုအပေါ်တွင် လည်းကောင်း အသိအမှတ်ပြုလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေနှင့် လှိုက်လှဲဝမ်းမြောက်စွာဖြင့် ထပ်ဆင့်ဂုဏ်ပြုခြင်းဖြစ်ရာ တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းများအနေနှင့် ယခုထက်ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ပြည်နယ် တိုင်းရင်းဆေး ပညာဦးစီးဌာနမှူးနှင့် လွိုင်ကော်မြို့နယ် ကုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ ဆေးရုံအုပ်တို့မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ထွန်းလေး (ပြန်/ဆက်)