ကျောက်ကြီး ၂ မေ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု ညောင်ပင်သာ ကျေးရွာတွင် မေလ ၁ ရက် ညနေ ၆ နာရီခွဲက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညောင်ပင်သာကျေးရွာတွင် မီးလောင်နေကြောင်းသတင်းအရ မုန်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်ဇော်လင်းသည် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ညောင်ပင်သာကျေးရွာနေ ဦးကြည်ဝင်း (၆၁)နှစ်၏ (၃×၅)ပင်ပတ်လည် နှစ်ထပ်လူနေ အိမ် (အောက်ထပ်အုတ်စီ၊ အပေါ်ဝါးထရံကာ၊ သွပ်မိုးပျဉ်ခင်း) အိမ်တွင် ဘက်ထရီအိုး အားသွင်းထားသော ဆိုလာပြား အပူရှိန်လွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ နေအိမ်အားမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ပင်သာကျေးရွာနှင့် သပြေညွန့်ကျေးရွာတို့မှ မီးသတ်ယာဉ်များဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၇ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ဦးကြည်ဝင်း၏ သားဖြစ်သူဇနီးမောင်နှံ နှစ်ဦးမှာ နေအိမ်ရှိပစ္စည်းများအား အပြင်သို့ ဝင်ရောက်သယ်ဆောင်ရင်း မီးဟပ်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)
