မန္တလေး ၂ မေ
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး) မှ ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော နှာခေါင်းစည်း (Mask) အခုရေ ငါးထောင်အား အခမဲ့ဖြန့်ဝေလျက်ရှိရာ မေ ၁ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ပိုက်ကျုံးရပ် သင်္ဂဇာချောင်း ဘေးရှိ ထန်းတောဈေးတွင် ဈေးရောင်းနေသော ဈေးသူ/သားများနှင့် ဈေးဝယ်လာသူများအား ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော နှာခေါင်းစည်း (Mask) အခုရေ ၅၀ဝ အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
“ကျွန်တော်တို့အသင်းရဲ့အစီအစဉ်နဲ့ ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော နှာခေါင်းစည်း (Mask) အခုရေ ငါးထောင် အခမဲ့ဖြန့်ဝေသွားမှာပါ၊ ဒီထန်းတောဈေးမှာတော့ အခုရေ(၅၀ဝ)ပါ ဖြန့်ဝေခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ဧပြီလ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ ကန်ကောက်ဈေး၊ ချမ်းအေးစည်ပင်ဈေးနဲ့ တခြားနေရာတွေမှာလည်း ဖြန့်ဝေပေးခဲ့ပါတယ်၊ ခုချိန်ထိ အခမဲ့ ဖြန့်ဝေ ပြီးတာ စုစုပေါင်းဆိုရင် Mask အခုရေ သုံးထောင်ကျော် လောက်ရှိပါပြီ၊ ကျန်နေသေးတဲ့ အခုရေ နှစ်ထောင်နီးပါးကိုလည်း ချုပ်လုပ်ပြီးတာနဲ့ ဆက်လက်ဖြန့်ဝေပေးသွားမှာပါ” ဟု ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း(မန္တလေး) မှ အတွင်းရေးမှူး ဦးမောင်မောင်တာက ပြောကြားသည်။
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)သည် ပြန်လည်လျှော်ဖွပ် အသုံးပြုနိုင်သော နှာခေါင်းစည်း (Mask)အခုရေငါးထောင်အား ပြင်ပမှ Volunteer များဖိတ်ခေါ်၍ အသင်းရုံးတွင် ချုပ်လုပ်ကာ ပြည်သူများထံအရောက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


