ဘန်အက်ဖ်လက်ခ်ထံမှ ချစ်သူများနေ့အမှတ်တရလက်ဆောင်အဖြစ် တေးဗီဒီယိုတစ်ခု လက်ခံရရှိခဲ့တဲ့ ဂျနီဖာလိုပက်ဇ်

ချစ်သူတွေအဖြစ် တစ်ကျော့ပြန်လက်တွဲခဲ့ကြတဲ့ ဟောလိဝုဒ်ကြယ်ပွင့်စုံတွဲ မင်းသား ဘန်အက်ဖ်လက်ခ် နဲ့ တေးသံရှင် ဂျနီဖာလိုပက်ဇ်တို့ဟာ လက်ရှိမှာ သာယာတဲ့ဆက်ဆံရေးတစ်ခုကို ထူထောင်ထားနိုင်တာ ဖြစ်ပါတယ်။ လတ်တလော ကျရောက်ခဲ့တဲ့ ချစ်သူများနေ့မှာတော့ မင်းသားဘန်အက်ဖ်လက်ခံက သူတို့နှစ်ဦးရဲ့ အမှတ်တရပုံရိပ်တွေ ထည့်သွင်းဖန်တီးထားတဲ့ တေးဗီဒီယိုတစ်ခုကို ချစ်သူများနေ့ အစောပိုင်းမှာပင် ဂျနီဖာလိုပက်ဇ်ထံ အရောက်ပို့ခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းမှာ ဘန်အက်ဖ်လက်ခ်က ဂျနီဖာလိုပက်ဇ်ရဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ On My Way ကို သူ့စိတ်ကြိုက်တေးဗီဒီယိုတစ်ခုအဖြစ် ဖန်တီးကာ ဂျနီဖာလိုပက်ဇ်အတွက် ချစ်သူ များနေ့ လက်ဆောင်အဖြစ် ပေးပို့ခဲ့ပါ တယ်။ အဆိုပါ တေးဗီဒီယိုမှာ သူတို့နှစ်ဦး ချစ်သူတွေအဖြစ် ပထမအကြိမ် လက်တွဲခဲ့စဉ်က အမှတ်တရပုံရိပ်တွေ ထည့်သွင်းဖန်တီးထားတာပါ။ သူတို့နှစ်ဦးဟာ ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြပြီးနောက် လမ်းခွဲခဲ့ကြတာပါ။ ၂၀၂၁ ခုနှစ်အတွင်းမှာမှ ချစ်သူတွေအဖြစ် နောက်တစ်ကြိမ် ပြန်လည်လက်တွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဘန်အက်ဖ်လက်ခ်ဆီက ရရှိခဲ့တဲ့ လက်ဆောင်နဲ့ပတ်သက်ပြီး ဂျနီဖလိုပက်ဇ်က ဒါဟာ သူတို့ရဲ့ စစ်မှန်တဲ့အချစ်ခရီးကို ဖော်ပြမှုတစ်ခုဖြစ်ပြီး မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတွေ ရှိခဲ့ပေမယ့် တကယ့်အစစ်အမှန်တရားတွေဟာ ထာဝရရှိနေမှာဖြစ်ကြောင်းနဲ့ အဆိုပါလက်ဆောင်ဟာ သူ့ရဲ့ နှလုံးသားကိုပင် အရည်ပျော်စေနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အေးပြည့်