မန္တလေး ၂၆ ဖေဖော်ဝါရီ
နောင်ချိုမြို့နယ် အတွင်းရှိ ဘန့်ဘွေးကျင်း ရေတံခွန်ကို ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်နိုင်ရန် ခရီးစဉ် ဒေသသစ်အဖြစ် ဖော်ထုတ်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

ဘန့်ဘွေးကျင်း ရေတံခွန်သည် နောင်ချို့မြို့နယ်၊ ဘန့်ဘွေး ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ပြင်ဦးလွင်မြို့နယ်၊ မတ္တရာမြို့နယ်များနှင့်လည်း ဆက်စပ်နေသည့် ဒေသတစ်ခု ဖြစ်သည်။ မြင့်မားလှသည့် ရေတံခွန်၏ အောက်ခြေသို့ ကျောက်တောင်များကို တွယ်တက်ပြီး စိတ်လှုပ်ရှားဖွယ် ခရီးသွားရသည့် အရသာနှင့် သဘာဝ ပတ်ဝန်းကျင် အလှအပတွေကို ခံစားနိုင်သည့်အတွက် ခရီးသွားများကို ဆွဲဆောင်နေသည်။
‘အခုဖော်ထုတ်မယ့် ခရီးစဉ်က ရေကိုအခြေခံပြီး ခရီးသွားတွေကို ဆွဲဆောင်တာလည်း ဖြစ်တယ်။ ခရီးသွား ဧည့်သည်တွေကလည်း စိတ်ဝင်စားတယ်။ ရေမြေတောတောင် သဘာဝတွေကို စိတ်ဝင်စားတဲ့ အခါမှာဆိုရင် ပြင်ဦးလွင် ဒေသရဲ့ ရေမြေတောတောင် သဘာဝတွေကို ထိတွေ့ခံစားပြီး သဘာဝအတိုင်းရှိတဲ့ ခရီးစဉ် ဒေသတွေကိုလည်း စွဲဆောင်နိုင်ဖို့အတွက် ရည်ရွယ်တယ်’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
ယခုအခါ ပြည်တွင်း၊ ပြည်ပ ခရီးသွားများသည် သဘာဝ ပတ်ဝန်းကျင် အလှအပကို ခံစားကာ စွန့်စားသွားလာရသည့် ခရီးသွားခြင်းကို စိတ်ဝင်စားလာသည်။ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကိုလေ့လာရန် ခရီးသွားများ လာရောက်လည်ပတ် ကြသော်လည်း ခရီးသွား အမျိုးအစား စုံလင်စေလိုခြင်း၊ ခရီးသွားများအား ပိုမိုစွဲဆောင်စေလိုခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ဘန့်ဘွေးကျင်း ခရီးစဉ်သစ်ကို စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
‘ဥပမာ မန္တလေး သဘောတရားက ယဉ်ကျေးမှု ရှိတယ်။ ဒါပေမယ့် ခရီးသွားတွေအတွက် အမြဲတမ်း ဘုရားပဲ ဖြစ်နေလို့မရဘူး၊ ကြာရင် ပျင်းသွားလိမ့်မယ်။ သူတို့ကို ဆွဲဆောင်နိုင်အောင်၊ ပျော်ရွှင်အောင်လုပ်ဖို့ သူတို့ရဲ့ လိုအပ်ချက်တွေကို အရှေ့တိုင်း ခရီးသွားတွေ လိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်ဖို့ လိုတယ်။ ဒါကြောင့် မန္တလေးတိုင်းမှာပါတဲ့ ပြင်ဦးလွင် အပါအဝင် တိုင်းနယ်ပြည်နယ်တွေမှာပါတဲ့ ဆက်စပ်ပြီး ခရီးသွား လုပ်ငန်းနဲ့ အကျိုးရှိအောင် ရည်ရွယ်ပြီး ခရီးစဉ် ဒေသသစ် ဖော်ထုတ်ရင်းနဲ့ ခရီးအမျိုးအစား စုံလင်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်’ ဟု ဦးစန်းယုက ဆက်ပြောသည်။
ယခုအခါ ဘန့်ဘွေးကျင်း ရေတံခွန်သို့ ပြည်တွင်း ခရီးသွားများ လာရောက်လည်ပတ်မှု များပြားပြီး ပြည်ပ ခရီးသွားများ လည်ပတ်ခွင့်ပြုသည့် ဒေသအဖြစ်ဖော်ဆောင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
‘မြန်မာနိုင်ငံမှာ ခရီးသွား နယ်မြေအသစ်တွေ ရှာဖွေဖို့ အဓိကပါ။ အဓိက လိုအပ်တာက အောက်ဆင်းဖို့ တက်ဖို့လမ်းတွေက အန္တရာယ်ရှိတယ်၊ ဒီလမ်းတွေ လှေခါးတွေ လုပ်ဖို့လိုတယ်။ အောက်မှာ အချိန်ကြာနိုင်တဲ့အတွက် အများသုံး အိမ်သာ လိုတယ်။ အမှိုက်သိမ်းဖို့ စနစ်လိုတာ အဓိက တွေ့ရတယ်’ ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။
အိမို့မို့ခိုင်