ရန်ကုန် ဒီဇင်ဘာ ၈

 

မြန်မာ-ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံ G to G သဘောတူညီမှုအရ မြန်မာ့ဆန်များကို  ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ဝယ်ယူလျက်ရှိရာ နိုဝင်ဘာ(၂)ရက်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဆန်များကို တိုက်ရိုက်တင်ပို့လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ဆန်တန်ချိန် ၂၆၅၀ တင်ဆောင်ထားသော MCL-12 သင်္ဘောမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ထပ်မံထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းတို့မှလည်း ဆန်များ တင်ပို့လျက်ရှိပြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ပထမအသုတ်အဖြစ် နိုဝင်ဘာ(၂) ရက်မှ (၂၂)ရက်အထိ  သင်္ဘောလေးစင်းဖြင့် ဧည့်မထဆန် ၅ မတ်၊  ဆန်တန်ချိန် ၁၀၅၆၅ တန် တင်ပို့ခဲ့သည်။ ဒုတိယအသုတ်အဖြစ် ဒီဇင်ဘာ(၁)ရက်၌ MCL-19 သင်္ဘောဖြင့် ဆန်တန်ချိန် ၂၆၁၀ နှင့် ဒီဇင်ဘာ(၈)ရက်၌ MCL-12 သင်္ဘောဖြင့် ဆန်တန်ချိန် ၂၆၅၀ စုစုပေါင်းဆန်တန်ချိန် ၅၂၆၀ တင်ပို့ထားပြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းသို့ သုံးစင်း မြောက် သင်္ဘောဖြစ်သော MCL-18 သင်္ဘောသည် ဒီဇင်ဘာ(၇)ရက် မွန်းလွဲပိုင်းက ဆိုက်ရောက်ကာ ပို့ကုန်ဆန်များ ဆက်လက်တင်ပို့ရန် ဆောင်ရွက်လျက်ရှိသည်။

 

 “ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းကနေ ဆန်ဆက်ပြီးတင်ပို့ဖို့ကျန်နေသေးတဲ့ အတွက် ဆန်ကိုပဲ အဓိကထားပြီးတင်ပို့နေပါတယ်။ ရေလမ်းကြောင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်အပြင်ပြောင်းကို ဝယ်ယူမယ်ဆိုရင်လည်း တိုင်းဒေသကြီးမှာ ရှိနေပါတယ်။ ဈေးကွက်ဝယ်လိုအားပေါ်မူတည်ပြီးတင်ပို့နိုင်ဖို့ အသင့်ရှိနေပါတယ်။ ဒီနေ့မနက်ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုတိယအသုတ် ဆန်တင်ပို့မှုမှာ နှစ်စင်းမြောက် သင်္ဘောထွက်ခွာသွားပါပြီ။ ဧရာဝတီတိုင်းဒေသကြီးကနေ ရေလမ်းကြောင်း အဆင်ပြေတဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကို စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းမျိုးစုံတင်ပို့ဖို့ လျာထားပေမယ့် ကနဦးအနေနဲ့ဆန်ကိုဘဲ အပြီးအပြတ်တင်ပို့နိုင်အောင် ကြိုးပမ်းနေပါ တယ်”ဟု ဧရာဝတီ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။  

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအသုတ် ဆန်တင်ပို့ပြီးချိန်တွင် ဒီဇင်ဘာ ဒုတိယပတ်၌ ဒုတိယအသုတ်အဖြစ် ဆန်များဆက်လက်တင်ပို့ရန် ပထအဆုံးသင်္ဘော ဝင်ရောက်မည်ဟု ကနဦး ခန့်မှန်းထားသော်လည်း တိုင်းဒေသကြီးအတွင်း၌ ဆန်စက်များ ကြိတ်ခွဲအား ကောင်းမွန်ခြင်းနှင့် လိုအပ်သောစပါးများ အသင့်ရှိနေသည့်အတွက်  အရည်အသွေး ကောင်းမွန်သော ပို့ကုန်ဆန်များ အလျင်မပြတ် ဆက်လက်တင်ပို့နိုင်ရေး ဆောင်ရွက်နိုင် ခဲ့မှုကြောင့် ဒီဇင်ဘာပထမအပတ်၌ ဒုတိယအသုတ် ပို့ကုန်ဆန်များကို ဆက်လက် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် လျာထားသော ဆန်တန်ချိန်ပြည့်မီရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထိုသို့မြန်မာပြည်၏ စပါးကျီ ဟု  တင်စားထားသော ဧရာဝတီတိုင်းဒေသကြီးမှ ပြည်ပသို့ဆန်တိုက်ရိုက် တင်ပို့နိုင်မှု ကြောင့် တောင်သူ၊ လုပ်ငန်းရှင်၊ ဆန်စက်ပိုင်ရှင်များ စီးပွားရေးအခွင့်အလမ်းများ အဆင်ပြေလျက်ရှိပြီး ဒေသခံများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလျက်ရှိ ကြောင်း သိရသည်။

 

သတင်း - ညီလေး