ဒါကာ ၄ စက်တင်ဘာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံ့အရှေ့တောင်ပိုင်း ရွှေ့ပြောင်း ဒုက္ခသည်များစခန်းတွင် နေထိုင်လျက်ရှိသော လူပေါင်း တစ်သန်းနီးပါး၏ မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ပိတ်ရန် ဆက်သွယ်ရေးကုမ္ပဏီများအား စက်တင်ဘာ ၂ ရက်က ညွှန်ကြားလိုက်ကြောင်း အရာရှိတစ်ဦးက ပြောကြားလိုက်သည်။
အဆိုပါရွှေ့ပြောင်းဒုက္ခသည်စခန်းများတွင်လွန်ခဲ့သော ရက်သတ္တပတ်များက အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ မိုဘိုင်းဖုန်းအသုံးပြုခြင်းအား ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုပေးသော ကုမ္ပဏီများသည် အဆိုပါစခန်းများတွင် ဆက်သွယ်ရေးကွန်ရက်များပိတ်ရန် ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး အစီရင်ခံစာတင်ပြရန် အချိန် ခုနစ်ရက် ရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဆက်သွယ် ရေးစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးကော်မရှင်မှ ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ ဇာကာဟော့စိန်ခန်က ပြောသည်။
အဆိုပါစခန်းများတွင် နေထိုင်သော ရွှေ့ပြောင်းဒုက္ခသည် များသည်မိုဘိုင်းဖုန်းများကို အသုံးပြုကြကြောင်းနှင့် မိမိအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသော ကုမ္ပဏီများအား ဝန်ဆောင်မှုများပိတ်သိမ်းရန် ပြောကြားထားကြောင်း ၄င်းက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ လုံခြုံရေး ဆိုင်ရာအနေအထားကြောင့် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
အဆိုပါသတင်းက ရွှေ့ပြောင်းဒုက္ခသည်များကိုများစွာ အံ့အားသင့်စေကြောင်း အမည်မဖော်လိုသူ ရွှေ့ပြောင်းဒုက္ခသည် စခန်းနေသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ တားမြစ်ပိတ်ပင်လိုက်ခြင်းက ရွှေ့ပြောင်း ဒုက္ခသည်များ၏ဘဝကို များစွာထိခိုက်စေကြောင်း၊ ဆက်သွယ်မှု များပြတ်တောက်ခြင်းသည် ကော့ဘဇားအနီးဝန်းကျင်ဒေသများတွင် ဖြစ်ပွားလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏ဆွေမျိုး များနှင့် အဆက်အသွယ်လုပ်၍မရတော့ကြောင်း ၄င်းက ပြောကြားသည်။
အေအက်ဖ်ပီ