မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr.Manjurel Karim Khan Chowdhury ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိပြီး ဓမ္မသုခကျောင်းတိုက်ဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီခြားစီတွေ့ဆုံသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဓမ္မသုခကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမနှင့် တွေ့ဆုံကာ သာသနာတော်ဆိုင်ရာများ မေးမြန်းလျှောက်ထားပြီး ဆရာတော်က ဗြဟ္မစိုရ် တရားလေးပါးကို ရှင်းလင်းဟောကြားခဲ့သည်။
ထို့နောက် သံအမတ်ကြီး ဦးဆောင်သည် ကိုယ်စားလှယ်အဖွဲ့သည် နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အအုံ ဧည့်ခန်းမ၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့်လည်းကောင်း တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နယ်စပ်ဒေသများတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ စစ်တွေမြို့ ချောင်းနွေမင်းဂံကျေးရွာရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရမှ ဆောက်လုပ်လှူဒါန်းထားသည့် မုန်တိုင်းဒဏ်ခံ အဆောက်အဦ (Cyclone Shelter) ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်း- မော်စီ၊ ကိုမင်း
ဓာတ်ပုံ- တင်စိုး