၂၇ ဇူလိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထက်ဝက်နီးပါး ရေကြီးမှုဖြစ်ပွားခဲ့သဖြင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံသဘာဝဘေး ကယ်ဆယ်ရေး ညှိနှိုင်းရေး ဗဟိုဌာန၏ နေ့စဉ်ရေကြီးမှု အခြေအနေ ထုတ်ပြန်ချက်အရ ဇွန်လ ၃၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများကြောင့် ခရိုင် ၂၁ ခုတွင် ၁၁၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါ သေဆုံးသူများအနက် ၉၆ ဦးမှာ ရေနစ်သေဆုံးခြင်း၊ ၁၃ ဦးမှာ မြွေကိုက်ခံရခြင်း၊ ရှစ်ဦးမှာ မိုးကြိုးပစ်ခံရခြင်းနှင့် တစ်ဦးမှာ ဝမ်းလျှောခြင်း တို့ ဖြစ်သည်။
ရေကြီးမှုကြောင့် လူဦးရေ ၅ သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး ထောင်သောင်းချီသော မိသားစုများ အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့ရ သည်။
နိုင်ငံအတွင်းရှိ ခရိုင် ၆၄ ခုအနက် ၃၁ ခုတွင် ရေကြီးမှုကြောင့် လူပေါင်း ၄၃၇၈၇၃၂ ဦး ရေဘေးသင့်ခဲ့ရသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်များ၊ သီးနှံများ၊ လမ်းများနှင့် အဝေးပြေးလမ်းများ ပျက်စီးခဲ့သည်။
သဘာဝဘေး ကယ်ဆယ်ရေး အဖွဲ့များကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်၊ ကယ်ဆယ်ရေး ပစ္စည်းများ ပေးဝေရန်နှင့် ရေဘေးသင့် မိသားစုများ နေထိုင်ရာ ကယ်ဆယ်ရေး စခန်းများကို ကြီးကြပ်ရန် စေလွှတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဝန်ကြီး Md Enamur Rahman က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်တွင် နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြစ်သော ရေကြီးမှုကို ကိုင်တွယ်ဖြေရှင်းရန် နိုးနိုးကြားကြား ရှိနေရန် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
