ဒါကာ ၂၈ ဇူလိုင်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဧရိယာအကျယ်အဝန်း ထက်ဝက်နီးပါးမှာ ရေနစ်မြုပ်နေပြီး ရေဘေးကြောင့် သေဆုံးသူ အများအပြား ရှိလာခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေးညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာန၏ နေ့စဉ် ရေဘေးအခြေအနေ အစီရင်ခံစာအရ ဇွန် ၃၀ ရက်နောက်ပိုင်း ရေဘေးကြောင့် ခရိုင် ၆၄ ခရိုင်အနက် ခရိုင်၂၁ ခရိုင်တွင် လူ ၁၁၉ ဦး သေဆုံးခဲ့သည်။

 

ပြည်သူ ငါးသန်းနီးပါး ရေဘေးသင့်ခဲ့ပြီး မိသားစုအများအပြား အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန၊ အမျိုးသား ဘေးအန္တရာယ်တုံ့ပြန်မှု ညှိနှိုင်း ဆောင်ရွက်ရေး ဗဟိုဌာနက ပြုစုသောနေ့အလိုက် သဘာဝဘေးအန္တရာယ် အခြေအနေ အစီရင်ခံစာအရ သိရသည်။ နိုင်ငံတစ်ဝန်း ခရိုင် ၆၄ ခရိုင် အနက် ခရိုင် ၃၁ ခရိုင်တွင် ပြည်သူ ၄၃၇၈၇၃၂ ဦး ရေဘေးသင့်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ ရေကြီး ရေလျှံမှုများက နိုင်ငံတစ်ဝန်း သီးနှံ စိုက်ခင်းများ၊ လမ်းမကြီးများနှင့် အဝေးပြေးလမ်းမကြီးများ ပျက်စီးမှု များ ဖြစ်ပေါ်စေခဲ့သည်။

 

ပြီးခဲ့သည့် သီတင်းပတ်နောက်ပိုင်း အဓိကမြစ်ကြီးများ မြစ်ရေလျှံခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မြေရိယာ အများအပြား ရေနစ်မြုပ်ခဲ့ကြောင်း ရုပ်သံသတင်းများက ဖော်ပြခဲ့သည်။ အိန္ဒိယနယ်စပ် တစ်လျှောက်ရှိတောင်ကုန်းများမှ တစ်ဟုန်ထိုး စီးဆင်းလာသောရေများက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ ရေဘေးအခြေအနေကို ပို၍ ဆိုးရွားစေခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။  ကယ်ဆယ်ရေး ဆောင်ရွက်ရန်၊ ကယ်ဆယ်ရေး ကိရိယာများ ဖြန့်ဖြူးရန်နှင့် ရေဘေးရှောင်စခန်းများကို ကြီးကြပ်ရန် ဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့များ စေလွှတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမူရာမန် က ပြောကြားခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကြုံတွေ့နေရချိန်တွင် ထိုးနှက်ချက် တစ်ခုဖြစ်သည့် ရေဘေးကိုင်တွယ် ဖြေရှင်းရာ၌ အသင့်အနေအထား ဆက်လက်ရှိနေရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက တာဝန်ရှိသူများသို့ ညွှန်ကြားခဲ့သည်။

 

ကိုးကား-ဆင်” ဘာသာပြန်-ကျော်ထိုက်စိုး