၂၇ ဧပြီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရာချီတဲ့ အထည်ချုပ်စက်ရုံတွေဟာ မနေ့ကစပြီးပြန်လည် လည်ပတ်နေကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု ထိန်းချုပ်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ စက်ရုံတွေဟာ မတ်လကုန်ပိုင်းက စပြီး ရပ်နားလိုက်တာဖြစ်ပါတယ်။
နိုင်ငံတကာ က နာမည်ကြီး အဝတ်အထည် ကုမ္ပဏီတွေဟာ ကပ်ရောဂါကြောင့် အဝတ်အထည်မှာယူမှုကို ယာယီဖျက်သိမ်းကြတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဝတ်အထည်ချုပ်လုပ်ငန်းမှ ဝင်ငွေချိနဲ့သွားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အဝတ်အထည် ထုတ်လုပ်ရေးနဲ့ နိုင်ငံခြားတင်ပို့ကုန်သည်များအသင်းရဲ့ ဒုဉက္ကဋ္ဌ မိုဟာမက် ဟတ်တမ်က ကိုရိုနာဗိုင်းရပ်စ်ကို ဘဝမှာတွေ့ရတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လက်ခံလိုက်တယ်။ စက်ရုံတွေ ပြန်မဖွင့်ရင် စီးပွားရေး ကျပ်တည်းမှု ဖြစ်မယ်လို့ ပြောပါတယ်။
ဒုဉက္ကဋ္ဌ ပိုင်တဲ့ MB Knit ကုမ္ပဏီရဲ့ စက်ရုံတစ်ရုံက ပြန်လည်ဖွင့်လှစ်ပြီး ဗြိတိန်နိုင်ငံရဲ့ Primark အဝတ်အထည်တွေနဲ့အတူ တခြားတံဆိပ်တွေအတွက် ကုန်ပစ္စည်းတွေ ထုတ်လုပ်ပေးကြောင်း ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရှိ အဝတ်အထည်စက်ရုံတွေမှာ လူပေါင်း ၄ သန်းကျော် အလုပ်လုပ်ကိုင်ကြောင်းနှင့် ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားသို့ ကုန်ပစ္စည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ တင်ပို့ခဲ့ကြောင်း သိရပါတယ်။
ဒါကာမြို့အပြင်ရှိ ဂါဇီပူ နဲ့ အာရှူလီယာ စက်မှုစုံတွေမှာ ရှိတဲ့ စက်ရုံတွေ စတင်လည်ပတ်တာကိုတွေ့ရပါတယ်။
အာရူလီယာရှိ စက်ရုံမှာ အလုပ်သမား ၂၀၀,၀၀၀ နီးပါးဟာ အလုပ်ပြန်လုပ်နေကြကြောင်း ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူကပြောပါတယ်။
အဲဒီစက်ရုံမှ အလုပ်သမားတစ်ဦးက တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၁၅ ဒေါ်လာရကြောင်၊ ဗိုင်းရပ်စ်ပိုးကို ကြောက်လန့်ပေမယ့် သူအလုပ်ပြုတ်မှာနဲ့ အလုပ်မှ ထောက်ပံ့ကြေးတွေ ဆုံးရှုံးမှာကိုတော့ စိုးရိမ်ကြောင်း ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေ ၁၆၈ သန်းရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅,၅၀၀ ဦးနဲ့ သေဆုံးသူ ၁၄၅ ဦး ရှိကြောင်း အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။
MDN
ကိုးကား - AFP