ဇွန် ၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမ ၁၁ လအတွင်း စုစုပေါင်း ကုန်စည်တင်ပို့မှုမှ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနီးပါးသာရရှိခဲ့ရာ ယခင်နှစ်ကထက် ၂ ဒသမ ၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် ပို့ကုန်မြှင့်တင်ရေးဗျူရို၏ နောက်ဆုံးထုတ်ပြန်ထားသော တရားဝင်စာရင်းအင်းများအရ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်၏ ဇူလိုင်လမှ မေလအထိ ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇၉၉ ဘီလီယံ ရရှိခဲ့ရာ ယခင်နှစ်က အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၉၄၆ ဘီလီယံနှင့် နှိုင်းယှဉ်ပါက နည်းပါးခဲ့သည်ဟု သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ်၏ ၁၁ လမြောက် (၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ) ဖြစ်သော မေလတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၀ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ရာ  ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၀၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

စုစုပေါင်းတင်ပို့မှုများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ချည်ထိုးအထည်များ (knitwear) နှင့် ရက်လုပ်အထည်များ (woven garments) အပါအဝင် အသင့်ချုပ်အထည် (ready-made garments) တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၃၁ ဘီလီယံ ရရှိခဲ့သည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ပို့ကုန်ရည်မှန်းချက်ကို အသင့်ချုပ်အထည် ထုတ်ကုန်များမှ ဒေါ်လာ ၄၅ ဘီလီယံနီးပါး အပါအဝင် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ သတ်မှတ်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို