ဒါကာ၊ မတ်  ၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း  ချပ်တိုဂရမ်မြို့  အပြင်ဘက်ရှိ စီတာခွန်ဒါ၌ အောက်ဆီဂျင် ဖြည့်သည့်စက်ရုံ    မတ် ၄ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း  သိရသည်။

 

အောက်ဆီဂျင် စလင်ဒါတွင် အောက်ဆီဂျင်ဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားစဉ်က  အဆိုပါ စက်ရုံ၌လူပေါင်း  ၂၀၀  ကျော် အလုပ် လုပ်ကိုင်လျက်ရှိသည်။ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတွင် လူ ငါးဦး၏ အလောင်းကို  တွေ့ရှိခဲ့ သည်ဟု ချပ်တိုဂရမ်မြို့ ဒုတိယ ကော်မရှင်နာ အမ်ဒီဖက်ဇ်ဟူဇာမန် က  ပြောသည်။ ပေါက်ကွဲမှု ကြောင့် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကပြောသည်။ 

 

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့ သည့်မီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ ၁၀ ဖွဲ့ကို စေလွှတ်ခဲ့ပြီးညနေ ၅ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်ဌာနမှ ပြောသည်။ ပေါက်ကွဲမှုကြောင့် အခိုင်အမာ တည်ဆောက်ထားသည့် အဆောက်အအုံ ပျက်စီးသွားသည်ကိုလည်း ဗီဒီယိုမှတ်တမ်းတွင် တွေ့နိုင်သည်။

 

အဆိုပါဖြစ်ရပ်နှင့်  ပတ်သက်၍  စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် သုံးဦးပါဝင်သည့် ကော်မတီကို ဖွဲ့စည်းထားကြောင်း သိရသည်။

 

ဆင်ဟွာ