ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၀၀၀ ကျော်ရှိလာ

စက်တင်ဘာ ၂၉

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၀၀၀ ကျော်ရှိလာပြီး ထိုရောဂါဖြစ်ပွားမှုကြောင့် ၃၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန (ဒီဂျီအိတ်ချ်အက်စ်)က ယမန်နေ့က ပြောကြားသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် ဆေးရုံတက်ကုသမှုခံယူသူပေါင်း ၅၂၄ ဦးရှိပြီး ယခုနှစ်အတွင်း ထိုရောဂါကူးစက်မှုအမြင့်မားဆုံး နေ့တစ်နေ့ဖြစ်လာခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဒီဂျီအိတ်ချ်အက်စ်၏ပြောကြားချက်အရ ဒါကာမြို့တော်အတွင်းမှာပင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၇၃ ဦး ရှိသည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ယခုလ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၁၆၅ ဦး အထိ မြင့်တက်လာကြောင်း ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။

 

ဇူလိုင်လက ထိုရောဂါဖြစ်ပွားသူ ၁၅၇၁ ဦး ရှိခဲ့ပြီးနောက် ဩဂုတ်လတွင်  ၃၅၂၁ ဦး ကူးစက်ဖြစ်ပွားခဲ့သည်။ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၅၃၄၆ ဦးအထိ ရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်ဟု ဒီဂျီအိတ်ချ်အက်စ်က ဆိုသည်။

 

ထိုရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်လက ကိုးဦးသေဆုံးခဲ့ပြီး ဩဂုတ်လက ၁၁ ဦး သေဆုံးကာ စက်တင်ဘာလအတွင်း ၃၄ ဦး သေဆုံးခဲ့ကြောင်း ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မုတ်သုံရာသီဖြစ်သော ဇွန်လမှစက်တင်ဘာလအတွင်း ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်သည်ဟု ယူဆရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို