ဇွန် ၁၂

ဘင်္ဂလားဒေ့ရှ်အစိုးရက ပြည်သူများ၏ ကူးစက်ရောဂါခုခံနိုင်စွမ်းမြှင့်တင်ရန်အလို့ငှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကိုမကြာမီထိုးနှံပေးနိုင်ရေးစီစဉ်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားမှုဦးစီးဌာန ဒီဂျီအိတ်ချ်အက်စ်(DGHS)၏ညွှန်ကြားရေးမှူးချုပ်က အသက် ၆၀ နှစ်အထက်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် ရောဂါဝေဒနာခံစားနေရသူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပေးရေးအစီအစဉ် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ယမန်နေ့ကပြောကြားသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် ဒီဂျီအိတ်ချ်အက်စ်ဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁ ဒသမ ၇ သန်းနီးပါး သိုလှောင်ထားသည်ဟု ၎င်းကဆိုသည်။

အိမ်နီးချင်းနိုင်ငံအများအပြားတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်များ မြင့်တက်လာချိန်တွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ  ခရီးသွားလာခြင်းမပြုလုပ်ကြရန် အစိုးရအဖွဲ့က မေတ္တာရပ်ခံပြောကြားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဒီဂျီအိတ်ချ်အက်စ်ဌာနသည် ဆိပ်ကမ်းများအားလုံးတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် စစ်ဆေးကြည့်ရှု့ခြင်းအစီအမံများကို တိုးမြှင့်ဆောင်ရွက်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား ညွှန်ကြားထားသည်။

ဇွန် ၉ရက်ကထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များတွင် ကိုဗစ်-၁၉ နောက်ဆုံးပေါ်မျိုးကွဲအသစ်များသည် အိန္ဒိယနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန် ၁၀ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃ ဦး ထပ်မံတွေ့ရှိပြီးနောက် ဇွန် ၁၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ ဦး ထပ်မံတွေ့ရှိခဲ့သည်။

မြို့တော်ဒါကာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ရာ ယခုနှစ်အတွင်း ကိုဗစ်ရောဂါဖြင့် ပထမဆုံးသေဆုံးမှုအဖြစ် ဇွန် ၅ ရက်က စံချိန်တင်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို