ဒါကာ    အောက်တိုဘာ   ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အောက်တိုဘာ   ၂၃  ရက်တွင် မြို့တော်ဒါကာ၏  အရှေ့မြောက်ဘက် ၁၁၇ ကီလိုမီတာအကွာရှိ  ကီရှိုရီဂန်ခရိုင်အတွင်း  ရထားနှစ်စင်းတိုက်မိမှု   ဖြစ်ပွားခဲ့ခြင်းကြောင့်  အနည်းဆုံး  ၁၅  ဦး သေဆုံးခဲ့ကြောင်း  ခရိုင်ရဲတပ်ဖွဲ့မှူး မို့စ်တက်ဆာကာက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

ချာတိုဂရမ်    ဆိပ်ကမ်းမြို့သို့ ဦးတည်ခုတ်မောင်းလာသည့် ကုန်တင်ရထားနှင့်  ခရီးသည်ရထား တို့သည် အောက်တိုဘာ ၂၃  ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် တိုက်မိမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါရထားတိုက်မိမှုကြောင့် သေဆုံးသူ ရုပ်အလောင်း   ၁၅  လောင်းကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်းနှင့် လူပေါင်း ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရထားတိုက်မိမှုကြောင့်  သေဆုံးသူအရေအတွက်  ထပ်မံမြင့်တက်လာမည်ကို  စိုးရိမ်လျက် ရှိကြောင်း  ခရိုင်ရဲတပ်ဖွဲ့မှူး မို့စ်တက်ဆာကာက   ပြောကြားသည်။

ဒဏ်ရာရရှိခဲ့သည့်   ခရီးသည်များအား ဆေးရုံများသို့ တင်ပို့ကာ  ဆေးဝါးကုသမှုများပေးလျက်ရှိ ကြောင်းလည်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်