ဒါကာ နိုဝင်ဘာ ၁၆
သွေးလွန်တုပ်ကွေးရောဂါကြောင့် ထပ်မံသေဆုံးသူ ရှစ်ဦးရှိသည့်အတွက် ယခုနှစ်တွင် နိုင်ငံတစ်ဝန်း အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၂၁၃ ဦး အထိ ရှိလာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန (ဒီဂျီအိတ်ချ်အက်စ်) ၏ ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးမှုသည် နိုဝင်ဘာလတွင် ၇၂ ဦး၊ အောက်တိုဘာလတွင် ၈၆ ဦး၊ စက်တင်ဘာလတွင် ၃၄ ဦး၊ ဩဂုတ်လတွင် ၁၁ ဦး၊ ဇူလိုင်လတွင် ကိုးဦးနှင့် ဇွန်လတွင် တစ်ဦးရှိကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်၌ နိုဝင်ဘာ ပထမလဝက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၉၆၈ ဦးရှိပြီး အောက်တိုဘာလတွင် ၂၁၈၃၂ ဦးနှင့် စက်တင်ဘာလတွင် ၉၉၁၁ ဦးဖြင့် အများဆုံးကူးစက်မှုဖြစ်ပွားကြောင်း အဆိုပါဌာနက ပြောသည်။
ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များဆုံးမှာ မြို့တော်ဒါကာဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၇၂ ဦးအပါအဝင် စုစုပေါင်း အဆိုပါရောဂါဖြစ်ပွားသူ ၆၉၂ ဦး ရှိသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၉၉၉၂ ဦးရှိပြီး ၄၆၉၂၈ ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဟုသိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယမန်နှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၈၄၉၂ ဦးရှိပြီး ၁၀၅ ဦး သေဆုံးကြောင်း သိရသည်။
ဆင်ဟွာ