အောက်တိုဘာ ၁၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုလအတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုမြင့်တက်လျက်ရှိရာ ထိုရောဂါဖြစ်ပွားသူ ၇၁၉၀ ရှိပြီး ရောဂါကူးစက်မှုကြောင့် ၂၈ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှုဌာန ( ဒီဂျီအိတ်ချ်အက်စ် )က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ဩဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၃၅၂၁ ဦးရှိပြီးနောက် စက်တင်ဘာလက ထိုရောဂါကူးစက်ခံရသူ ၉၉၁၁ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဒီဂျီအိတ်ချ်အက်စ်၏ ပြောကြားချက်အရ သိရသည်။
အောက်တိုဘာ ၁၃ ရက်မနက် ၈ နာရီအထိ ၂၄ နာရီအတွင်း မြို့တော်ဒါကာတွင် ထိုရောဂါကူးစက်ဖြစ်ပွားသူ ၄၉၇ ဦးအပါအဝင် သွေးလွန်တုပ်ကွေးကူးစက်ခံရသူပေါင်း ၇၆၅ ဦးရှိလာကြောင်း ဖော်ပြထားသည်။
ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ ၂၃၂၈၂ ဦးရှိလာပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၀၄၀၅ ဦးရှိကြောင်း ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ဇွန်လက တစ်ဦး၊ ဇူလိုင်လက ကိုးဦး၊ ဩဂုတ်လက ၁၁ ဦး၊ စက်တင်ဘာလက ၃၄ ဦးနှင့် အောက်တိုဘာလက ၂၈ ဦး သေဆုံးခဲ့သည်ဟု ဒီဂျီအိတ်ချ်အက်စ်က ဆိုသည်။
မုတ်သုံရာသီဖြစ်သော ဇွန်လမှစက်တင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု အများဆုံးအဖြစ်သတ်မှတ်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို