ရန်ကုန် ဇူလိုင် ၁၄
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ရေထွက်ကုန်နှင့်အခြားပို့ကုန်များကို နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့သော G to G စနစ်ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စနစ်ကျင့်သုံးနိုင်ပါက ရေရှည်တွင် နှစ်နိုင်ငံ အကျိုးစီးပွားဖြစ် ထွန်းစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့် မိုးရာသီ ရာသီဥတုမမှန်ခြင်းတို့ကြောင့် ယခင်က ဘင်္ဂလားဒေ့ရှ်သို့တစ်ရက်လျှင် ရေထွက်ကုန်သင်္ဘော ၁၀ စီးတင်ပို့နေရာမှ အစီးရေလျော့ကျသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုအတွက် ငွေကြေးကဏ္ဍတွင်လည်း အခက်အခဲများကြုံတွေ့ရလျက်ရှိ ကြောင်း သိရသည်။
ရခိုင်ပြည်နယ် နယ်စပ်ဂိတ်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဂိတ်သို့ ရေထွက်ကုန်များနှင့်ကုန်ခြောက်ပစ္စည်း များတင်ပို့ရာတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဂိတ်ရှိ ကုန်သည်များကထိန်းချုပ်၍ အခြားသောနိုင်ငံ များသို့တစ်ဆင့် တင်ပို့လျက်ရှိသဖြင့် ဒေသတွင်းသို့ ကုန်ပစ္စည်းတိုက်ရိုက်ဝင်ရောက်နိုင်ရေးအတွက် စစ်ထွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်နှင့် ရခိုင်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေးမှုများပြု လုပ်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ G to G ၏ ကုန်သွယ်မှု အဆင်ပြေပါက ရေထွက်ကုန်နှင့် ကုန်ခြောက်ပစ္စည်းများအပြင် နွား၊ သစ်နှင့် အခြားသောကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူရန်အသင့်ရှိနေပြီး ရေကြောင်း ကုန်သွယ်မှုမှ နှစ်နိုင်ငံစီးပွားရေးအတွက် အထောက်အပံ့ကောင်းများ ပေါ်ထွန်းလာစေမည်ဖြစ်သည်။
မြန်မာနိုင်ငံနယ်စပ်ဂိတ်တို့တွင် ပို့ကုန် သွင်းကုန်များ အပြန်အလှန် တင်သွင်းလေ့ရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာပြည်မှပို့ကုန်သာရှိ၍ သွင်းကုန်နည်းပါးသည့် အတွက် ပို့ကုန်ကဏ္ဍဖြင့် ဝင်ငွေခိုင်မာစွာရရှိသော နယ်စပ်ကုန်သွယ်ရေးတစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။
မြန်မာနိုင်ငံမှရေထွက်ကုန်နှင့် အခြားသောပို့ကုန်များ တိုက်ရိုက်တင်ပို့နိုင်ရန် စစ်ထွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်နှင့် ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူများ ဇူလိုင် ၂၀ ရက် နောက်ပိုင်း၌ ထက်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ G to G ကုန် သွယ်မှု ဆောင်ရွက်ရန် ဇွန်လပိုင်းကလည်း ကနဦးတွေ့ဆုံမှုတွင် ဆွေးနွေးထားကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး - ညိမ်းသူ ( သတင်းစဉ် )