၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက် ၇ နာရီ ထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း (အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန်-တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေ) တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်း ရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်။ 

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း  နှင့် အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေအနီး) သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

ထူးခြားသည့်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ပါဘက်”(PABUK)သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း“ပါဘက်”(PABUK)သည် အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ ၂၅-၁၂-၂၀၂၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အရှေ့ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်သည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်သည်။

နေပြည်တော်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် အများအားဖြင့် သာယာမည်။ 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် တိမ်အနည်းငယ် ဖြစ်ထွန်းမည်။ 

Credit>မိုးဇလ