မုံရွာ ၈  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမတွင် ယနေ့ နံနက် ၁ဝ နာရီက အဆိုပါကျောင်း၏ ဘင်ခရာ တပ်ဖွဲ့ဝင်ဟောင်းများမှ စုပေါင်းလှူဒါန်းသည့် ဘင်ခရာတီးဝိုင်း ပစ္စည်းတစ်စုံ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

'' ဒီကျောင်းမှာ ပညာသင်ကြားရင်း ဘင်ခရာတီးဝိုင်းမှာ တီးခတ်နေတဲ့ ဝါသနာရှင် ညီငယ်၊ ညီမငယ်လေးတွေ အဆင့်အတန်းမြင့်မြင့် အသုံးပြုနိုင်စေဖို့အတွက် အနယ်နယ်အရပ်ရပ်ကို ရောက်နေတဲ့ ဘင်ခရာတပ်ဖွဲ့ဝင် ကျောင်းသား/ သူဟောင်းတွေနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး အခုလိုလှူဒါန်းဖြစ်တာပါ'' ဟု  ဘင်ခရာတပ်ဖွဲ့ဝင် ကျောင်းသားဟောင်း ကိုဝင်းမင်းထွန်းက ပြောသည်။


အခမ်းအနားတွင် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၏ ဘင်ခရာနည်းပြဆရာ ဦးဌေးအောင်မြင့်က ဘင်ခရာတီးဝိုင်းပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ငွေကျပ် (၆)သိန်း (၅)သောင်း တန်ဖိုးရှိ ဘင်ခရာတီးဝိုင်းပစ္စည်း တစ်စုံအား ကျောင်းသား/သူဟောင်းများက ကျောင်းအုပ်ဆရာမကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)