နေပြည်တော် ဇူလိုင် ၂၆
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီးတို့သည် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဇနီးများ၊ အဖွဲ့ဝင်များ၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့နှင့်အတူ ယနေ့တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြော်ကြည်ညို ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုရာ ဂေါပကအဖွဲ့က ဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီး အား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်းဆောင်ရွက် နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းတို့ကို ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရင်ပြင်တော်ပတ်လည်ရှိ စကျင်ကျောက်များဖြင့် အနုပညာ လက်ရာ ကွဲပြားစွာတည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်၊ အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု ၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့် ကျောက်စာရုံစေတီတော် အဆူ ၇၂၀ တို့ကို ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများကို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတော်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဓာတ်ပုံတို့ကို ဓမ္မလက်ဆောင်အဖြစ် ပေးအပ်သည်။
ထို့အတူ ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၏ ဇနီးများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြကာ စေတီတော် လိုဏ်အတွင်းရှိ မြန်မာလက်မှုအနုပညာများဖြင့် ထွင်းထုပူဇော် ထားသည့် ဗုဒ္ဓဖြစ်စဉ်တော်များနှင့် ဗုဒ္ဓရုပ်ပွား တော်များကို ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်း ကြရာ စေတီတော်ဂေါပကအဖွဲ့ဝင်များ လက်ခံရယူ၍ ပန်းပေါင်းစုံ ဆင်းတုတော်များကို ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။
ထို့နောက် စေတီတော်ကြီး ပရိဝုဏ်အတွင်း ရတနာဆင်ဖြူတော်အဆောင်ရှိ ဆင်ဖြူတော်များကို အစားအစာများ ကျွေးမွေးကြသည်။
ယင်းနောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၏ ဇနီးများသည် မြန်မာ့ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြည့်ရှုကြပြီး အမျိုးသားပြတိုက်သို့ ဆက်လက် သွားရောက်လေ့လာကြရာ ပြတိုက်တာဝန်ခံက ပြတိုက်နောက်ခံသမိုင်း အကျဉ်း၊ ပြတိုက်ဆိုင်ရာ အချက် အလက်များ၊ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြကွင်း ပြကွက်များကို လိုက်လံရှင်းလင်း ပြသကြသည်။
သတင်းစဉ်


