နေပြည်တော်၊ ဇူလိုင်၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည်  ဘင်္ဂလား ပင်လယ်အော်စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေး (Ambassador Indra Mani Pandey)ကို ယနေ့တွင်နေပြည်တော်ရှိ  ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဘင်းမ်စတက် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် (Action Plan)တွင် ပါဝင်သည့် ထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ တိုးမြှင့်ရေး၊ လယ်ယာကဏ္ဍဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေး၊ လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေး အားကောင်းလာစေရေး၊ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝစေရေး စသည့် လုပ်ငန်း အစီအစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)