ဘန်ကောက် မြို့လယ်ထိ ထိုးဖောက်လာတဲ့ မျက်မမြင် အဆိုရှင်များ

ဘန်ကောက် ၇ မတ်

လူအများ ဥဒဟိုဖြတ်သွားနေတဲ့ ဘန်ကောက်နေ့လယ်ခင်းမှာ ဆင်ခမ် ဘွန်နရီ တစ်ယောက် ဂစ်တာကို ပေါ့ပေါ့ပါးပါးတီးခတ်ရင်း ဒရမ်တီးလုံးတွေနဲ့ သာယာနာပျော်ဖွယ်တေးသွားတွေ သီဆိုနေပါတယ်။

ဆင်ခမ် ဘွန်နရီ က သာမန်လမ်းကြားမှာ သီဆိုတဲ့ အဆိုရှင်မဟုတ်ပါဘူး။ ဈေး၊ မိုးပျံရထားမှတ်တိုင်တွေနဲ့ တခြား ဘန်ကောက်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ သီဆိုဖျော်ဖြေလေ့ ရှိတဲ့ မျက်မမြင်အဆိုရှင် ရာပေါင်းများစွာထဲက တစ်ဦးဖြစ်ပါတယ်။

“ဂစ်တာတီးရင်း သီချင်းတွေဆိုရတာ နှစ်သက်တယ်” လို့ ဆင်ခမ် က အလှုခံပုံးငယ်ရှေ့မှာ ထိုင်ရင်း ပြောပါတယ်။ ဆယ်ကျော်သက်ဘဝကတည်းက စတင်သီဆိုခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကနေ ဘန်ကောက်လမ်းတွေ ထက်မှာ သီဆိုလာတာ အခုဆို လေးနှစ်ကျော်ပြီဖြစ်ပါတယ်။

“ဘန်ကောက်ကို ကျွန်တော် စရောက်တဲ့အချိန်မှာ လူစည်ကားတဲ့ အများပိုင်နေရာတွေမှာ လမ်းမထက်က အဆိုရှင်တွေ အများကြီး တွေ့ခဲ့ရတယ်။ သီချင်းတွေဆိုရတာ ကျွန်တော်ကြိုက်တယ်။ ဒါကြောင့် ကြိုးစားခဲ့တယ်” လို့ ပြောပါတယ်။

“ကျွန်တော်တို့ မျက်မမြင်တွေ လုပ်နိုင်တဲ့အလုပ်တွေ နှစ်မျိုး သုံးမျိုးလောက် ရှိပါတယ်။ ထီလက်မှတ်ရောင်းတာ၊ သီချင်းဆိုတာနဲ့ သတင်းစကားပေးပို့တာတွေပေါ့” လို့ မိုးပျံရထားဘူတာရုံ နားမှာ သီချင်းဆိုရင်း တစ်ရက်ကို ဘတ်တစ်ထောင်လောက် နေ့စဉ်ဝင်ငွေရှိတဲ့ အသက် ၅၀ အရွယ် ယူပင် ဘွန်ချန် က ပြောပါတယ်။

အယူသီးလှတဲ့ ထိုင်းနိုင်ငံလိုနေရာမျိုးမှာ လမ်းမတွေထက်က တောင်းရမ်းစားသောက်ရတဲ့ဘဝတွေနဲ့ စွမ်းရည်တစ်ချို့ပြသပြီး သဒ္ဓါကြေးယူတဲ့ရပ်တည်မှုတွေကို စိတ်မကောင်းစရာအဖြစ် ရှုမြင်ကြပါတယ်။ တချို့ကလဲ မသန်စွမ်းတွေကို ယခင်ဘဝက အကုသိုလ်ကံအကျိုးပေးတွေကြောင့် ယခုလို အသက်မွေးရတယ်လို့ ရှုမြင်ကြပါတယ်။ 

“တစ်ခါတစ်လေ လူတွေက ဘာလို့ ငါ့ကို စွမ်းရည်ပြသဖို့ အခွင့်မပေးတာလဲလို့တွေးမိပြီး ဝမ်းနည်းရပါတယ်။ ဘာကြောင့် အခွင့်အရေးမပေးတာလဲ” လို့ မျက်မမြင်တစ်ဦးဖြစ်တဲ့ ယူပင်က စိတ်မကောင်းဖွယ်ပြောပါတယ်။ ဗုဒ္ဓဘာသာအများစုနေထိုင်ရာ နိုင်ငံတွေမှာ မရှိဆင်းရဲသူတွေကို ပေးကမ်းစွန့်ကြဲတာကို နောက်ဘဝအတွက် ကောင်းမှုကုသိုလ်လုပ်တယ်လို့ ယူဆကြပါတယ်။

မယ်ဒလင်၊ ဝါးပုလွေ စတဲ့ ရိုးရာတူရိယာတွေတီးခတ် သီဆိုတဲ့ အဆိုရှင်တွေက နားသောတဆင်သူတွေကို အတိတ်ကာလဆီကို တခဏတော့ ခေါ်ဆောင်သွားနိုင်စွမ်းရှိပါတယ်။ “သူတို့က နိုင်ငံရဲ့ တကယ့်ကျေးလက်ရိုးရာ ယဉ်ကျေးမှု အစစ်ပါပဲ” လို့ ထိ်ုင်းယဉ်ကျေးမှုအကြောင်း ရေးသားသူ ဖိလစ် ကွန်းဝဲလ် စမစ် က ပြောပါတယ်။

မျက်မမြင်တွေရဲ့ လမ်းမထက်က သက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေက လူမှုရေးနယ်ပယ်မှာ အမည်းစက်တစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ မတူညီတဲ့ ရှုထောင့်တစ်ခုက ရှုမြင်ပြီး လူတွေရဲ့ သဘောထားအမြင်တွေ ပြောင်းလဲကောင်း ပြောင်းလဲလာဖွယ်ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းထားခဲ့တဲ့ စစ်အစိုးရက လမ်းမထက်က ကိုယ်ရည်ကိုယ်သွေးပြသ သက်မွေးသူတွေကို “talent” ပါရမီရှင် ကဒ်တွေထုတ်ပေးခဲ့ပြီး တောင်းရမ်းစားသောက်သူတွေနဲ့ ခွဲခြားတဲ့ ဥပဒေသစ်ထုတ်ဖို့ တွန်းအားပေးခဲ့ပါတယ်။

ယခုအခါ အများပြည်သူပိုင် စည်ကားရာနေရာတွေမှာ စွမ်းရည်ပြသပြီး ငွေရှာလိုသူတွေအနေနဲ့ အာဏာပိုင်များထံ မှတ်ပုံတင်ပြီး တရားဝင်လုပ်ကိုင်နိုင်ပြီဖြစ်ပါတယ်။ ယခုဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီး လမ်းမတွေနဲ့ လူစည်ကားရာနေရာတွေမှာ မျက်မမြင် အဆိုရှင်တွေနဲ့ သီဆိုဖျော်ဖြေတဲ့စွမ်းရည်ပြသပြီး အဓိကအသက်မွေးဝမ်းကျောင်းပြုသူ ပေါင်း ၂၀ဝ၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ မျက်မမြင်အဆိုရှင်တွေကို တင်ဆက်မှုနဲ့ ကျွမ်းကျင်မှုတွေ မြှင့်တင်ဖို့အတွက် တေးသီချင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဖက်ရှင် သင်တန်းတွေ စပေးနေပြီဖြစ်ပါတယ်။ မကြာသေးမီက ထိုင်းနိုင်ငံတဝှမ်းက မျက်မမြင် စွမ်းရည်ပြသသက်မွေးသူ ၃၀ဝ အတွက် ဘန်ကောက်ဟိုတယ်မှာ အသံပိုင်းဆိုင်ရာ သင်တန်း ၂ ရက် ပေးခဲ့ပါသေးတယ်။

“ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက မသန်စွမ်းတွေအတွက် အခွင့်အလမ်း ဘယ်လောက်များများ ဖော်ဆောင်ပေးမှာလဲ။ မျက်မမြင်တွေ တတ်နိုင်စွမ်းတာတွေ  များစွာရှိပေမယ့် လူ့အဖွဲ့အစည်းရဲ့ လက်ခံနိုင်စွမ်း ကတော့ နည်းနေသေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ မသန်စွမ်းတွေထဲက ပထမဆုံးသော ဂီတပညာရှင်ဖြစ်ချင်တာပါ။ ကျွန်တော် သီဆိုဖျော်ဖြေနေတာကို အလုပ်တစ်ခု လုပ်နေတယ်လို့ပဲ ယူဆစေချင်တယ်။ သနားတာမျိုး မခံစားလိုဘူး” လို့ အသက် ၂၈ နှစ်အရွယ် မျက်မမြင် အဆိုရှင် ဆင်ခမ် က တွေးတွေးဆဆလေး ပြောခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရပါတယ်။

ဘာသာပြန် > မိုးမမ