ဘန်ကောက် ဇန်နဝါရီ ၂၈
ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်တစ်ဝန်း လေထုညစ်ညမ်းမှုမှာ ဘေးကင်းလုံခြုံမှုမရှိသောအဆင့်သို့ မြင့်တက်လာသောကြောင့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး ချက်ချတ်ဆစ်သီဖန်က အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအနေဖြင့် နေအိမ်မှ အလုပ်လုပ်သည့်စနစ် ကျင့်သုံးကြရန် ဇန်နဝါရီ ၂၈ ရက်တွင် တိုက်တွန်းလိုက်ကြောင်း သိရသည်။
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၂၉ ရက် မှ ၃၀ ရက်အထိ နေအိမ်မှ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ကြရေးတွင် ပူးပေါင်းပါဝင်ကြရန် တောင်းဆိုထားကြောင်း၊ လေထုညစ်ညမ်းမှုသည် ခရိုင် ၃၅ ခုကျော်တွင် ကျန်းမာရေးနှင့် မညီညွတ်သည့် လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိဖွယ်ရှိသည်ဟု မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာပိုင်များက ပြင်ပလှုပ်ရှားဆောင်ရွက်မှုများ ရှောင်ကြဉ်ကြရန်နှင့် အကာအကွယ်မျက်နှာဖုံးများ ဝတ်ဆင်ကြရန် ဒေသခံများနှင့် ကျန်းမာရေးထိခိုက် လွယ်သည့်အုပ်စုများကို အကြံပြုတိုက်တွန်းထားပြီး စာသင်ကျောင်းများကိုလည်း ဒေသအလိုက် တင်းကျပ်သောစည်းမျဉ်းစည်းကမ်းများဖြင့် ဆက်လက်ဖွင့်လှစ်ထားရှိရန် အုပ်ချုပ်ရေးမှူးက မှတ်ချက်ပြုပြောသည်။
ဆင်ဟွာ


