ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စက်တင်ဘာ ၆ ရက်တွင် ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ ရွှေဂုံရိပ်မွန်အိမ်ရာတွင် လည်းကောင်း၊ နံနက် (၈) နာရီတွင် အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းရှိ လူမှုဝန်ထမ်းအိပ်ရာတွင်လည်းကောင်း၊ နံနက် (၉) နာရီတွင် ငါးထပ်ကြီးတောင်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်းသွယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင်လည်းကောင်း၊ ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆိတ်သားနှင့်အမဲသားများကို ဈေးနှုန်း သင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန် (၁) ပြည်လျှင် ငွေကျပ်၁၀၀၀နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ်၅၀၀၀နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်း(၁)ပြည်လျှင် ငွေကျပ်၁၇၀၀နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၈၅၀၀နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥ(၁၀)လုံးတစ်ကတ်လျှင် (၁၃၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဆိတ်သား(၁၀)ကျပ်သားလျှင် (၁၂၀၀မှ၂၀၀၀)ကျပ်အထိလည်ကောင်း၊ အမဲသား(၁၀)ကျပ်သားလျှင် (၁၂၀၀မှ၁၃၀၀)အထိလည်းကောင်း၊ ဆီ ၅၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ကျပ် ဖြင့် လည်းကောင်း ရွေ့လျားစျေးကား Mobile Market ဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)


