ဗဟန်း စက်တင်ဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးမြောက်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံတွင် ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူ ၄၅၀ အား ဆန်၊ ဆီနှင့် ကြက်ဥတို့ကို ဈေးနှုန်းချိုသာ ရောင်းချပေးကြောင်း သိရှိရသည်။

 

ထိုသို့ရောင်းချရာတွင် ရပ်ကွက်နေပြည်သူတစ်ဦးလျှင် ဆန် ၁ ပြည်၊ ဆီ (၂၅)ကျပ်သားနှင့် ကြက်ဥ ၅ လုံးတို့ကို စုစုပေါင်း ၃၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်နေပြည်သူများအား အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးသည်။

 

“ယခုလို အခြေခံစားသောက်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးလို့ ကျွန်‌တော်တို့လို လက်လုပ်လက်စား သာမန်ပြည်သူတွေအနေနဲ့ အများကြီးဝမ်းသာမိပါတယ်၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အတွက် စားသောက်ကုန်တွေကို ဈေးနှုန်းချိုသာစွာ‌ လာရောက်ရောင်းချပေးတဲ့ ပုဂ္ဂိုလ်တွေရော၊ ယခုလိုစီစဉ်ပေးတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုရော ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” ဟု ရပ်ကွက်နေ ပြည်သူ ဦးစိုးဝင်းက ပြောသည်။

 

ဗဟန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်၍ စက်တင်ဘာ ၇ ရက်က ဆရာစံမြောက်အရှေ့ရပ်ကွက်တွင် လည်းကောင်း၊ ၈ ရက်က ငါးထပ်ကြီးတောင်ရပ်ကွက်တွင် လည်း‌ကောင်း၊ ၉ ရက်က ကိုယ်မင်းကိုယ်ချင်းရပ်ကွက်တွင် လည်းကောင်း၊ ၁၀ ရက်က ဆရာစံမြောက်အနောက်ရပ်ကွက်တွင် လည်းကောင်း၊ ယနေ့တွင် ငါးထပ်ကြီးမြောက်ရပ်ကွက်တွင် အလည့်ကျရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ရက်ပေါင်း ၆၀ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

စန္ဒာမိုး(ပြန်/ဆက်)