နေပြည်တော် ဇန်နဝါရီ ၈ 

 

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့ စားသုံးဆီ တင်ပို့ရောင်းချနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် နေကြာနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် စားသုံးဆီ ပိုလျှံလာစေရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နေကြာစိုက် တောင်သူများနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားလိုက်သည်။

 

ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာအုပ်စု ဆောင်းနေကြာစိုက်ခင်း၌ နေကြာစိုက် တောင်သူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နေကြာမျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် တွက်ချေကိုက် အကျိုးရှိစေမည့် အထွက်နှုန်းရရှိရေး၊ သွင်းအားစု ဓာတ်မြေဩဇာများ အချိုးမှန်ကန်စွာ သုံးစွဲရေး၊ ခေတ်မီ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေး ပြောကြားခဲ့သည်။   

 

ထို့ပြင် တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေအလေအလွင့် မဖြစ်ပေါ်စေရေးအတွက် ရေအသုံးချသူအဖွဲ့ (WUG) တောင်သူများက စနစ်တကျ ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်နိုင်မည့် အခြေအနေများနှင့် လယ်ယာမြေဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးကြပြီး တောင်သူများနှင့်အတူ နေကြာသီးနှံစိုက်ကွင်းအတွင်း ပေါင်းလိုက်ခြင်း ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၆ မိုင် ၅ ဖာလုံရှိ ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများဆိုင်ရာ နို့စားနွားမွေးမြူရေးခြံ (နေပြည်တော်) သို့ ရောက်ရှိပြီး သုတေသနလုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာ နို့စားနွား မွေးမြူထားရှိမှုအခြေအနေ၊ နို့ပေါင်းစက်ရုံ၊ နို့စားနွား မွေးမြူထားရှိမှုနှင့် နွားစာချဉ်ပတ် ထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးကြပြီး နို့စားနွား မွေးမြူရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး၊ နို့စားနွားမွေးမြူရေးကို ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွတ်သည့်နို့နှင့် နို့ထွက်ပစ္စည်းများ တန်ဖိုးမြင့် ကုန်ချော ထုတ်လုပ်မှုဖွံ့ဖြိုးလာရန် ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေးအတွက် အားပေးဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့သည်။

 

သတင်းစဉ်