နေပြည်တော် ၁၁ စက်တင်ဘာ

ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်း ကော်မတီအနေဖြင့် ရန်ပုံငွေရှာဖွေရေး၊ ထိန်းသိမ်းရေး၊ သုံးစွဲရေး လုပ်ငန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ရန်ပုံငွေခွဲဝေသုံးစွဲမှုများကို စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမှ လှူဒါန်းမှုများနှင့် နိုင်ငံတကာတွင် ဖြစ်ပွားသည့် ဘေးများအတွက် လှူဒါန်းမှုများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ 

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသို့ နိုင်ငံတော်မှ နှစ်စဉ်ငွေကျပ် ဘီလီယံ(၂၀)နှင့် အလှူရှင်များ၏ လှူဒါန်းမှုများကိုလည်း ရန်ပုံငွေသို့ ထည့်သွင်းပါကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာစွာနှင့် အကျိုးရှိစွာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သုံးစွဲလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရန်ပုံငွေ စာရင်းဖွင့်လှစ်ထားရှိမှု၊ အလှူငွေရရှိမှု၊ သုံးစွဲမှုနှင့် စာရင်းစစ်ဆေးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ရန်ပုံငွေသုံးစွဲမှုများနှင့်စပ်လျဉ်း၍ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ သုံးစွဲဆောင်ရွက်မှုများ၊ စနစ်တကျ ရှိစေရေး ဆောင်ရွက်မှုများ၊ Southeast Asia Disaster Risk Insurance Facility (SEADRIF) နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုကို တင်ပြဆွေးနွေးကြပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမျိုးသားကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

သတင်းစဉ်