တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခြေကျပြီးဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး ဒေသအလိုက် ထုတ်ကုန်များကိုထုတ်လုပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်၍ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာရေးဆောင်ရွက်ရန် အထူးလိုအပ်
နေပြည်တော်၊ မတ် ၂၁
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အစမှ အဆုံးအထိရငွေများကို လျာထားသည့် အတိုင်းရရှိရေးနှင့် သုံးငွေများကိုလည်း လျာထားသည့်အတိုင်း သုံးစွဲနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များ အောင်မြင်စေရန် နိုင်ငံတော်က စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း(MSME)များ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို အထူးဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း။
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့် တိုင်းဒေသကြီး ပြည်နယ်များ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေများသည် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များ၊ အမျိုးသားရေး ရည်မှန်းချက်တာဝန်များကို အောင်မြင်စေရေးအတွက် ဘဏ္ဍာရေးမူဝါဒအဖြစ် ပြဋ္ဌာန်းပေးသော ဥပဒေများဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး အသုံးစရိတ်များကို စနစ်တကျစီမံခန့်ခွဲ ထိန်းချုပ်နိုင်ခဲ့ပြီး ကိုဗစ် - ၁၉ ကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်တိုးတက်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။
ဘဏ္ဍာငွေအရအသုံးများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ယခင်ဘဏ္ဍာရေးနှစ် အတွေ့အကြုံများအပေါ် အခြေခံပြီး တွေ့ကြုံရမည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး ၊ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အသုံးစရိတ်များ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် စေရန်အသုံးစရိတ်များ၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများ အတွက်အသုံးစရိတ်များ စသည့်ပိုမိုလိုအပ်သော ကဏ္ဍများအတွက်ဦးစားပေးလျာထား သုံးစွဲသွားမည်ဖြစ်ကြောင်း၊ အစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာ အသုံးစရိတ်များကိုစိစစ်သုံးစွဲပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမည့် အသုံးစရိတ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူပြုသည့် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲကြရန်လို အပ်ကြောင်း။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အချိန်မီပေးပို့တင်ပြနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယနေ့အစည်းအဝေးတွင် စိစစ်တင်ပြပြီးဖြစ်သည့် ပြည့်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို တင်ပြရာတွင် သက်ဆိုင်ရာဘက်ဂျက်စိစစ်သည့် အဖွဲ့အစည်း၊ ကော်မတီများမှ အဆင့်ဆင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ အသုံးစရိတ်အပိုင်းတွင်လည်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အလုံအလောက် ဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးတို့အတွက် လက်ငင်းအကျိုးရှိပြီး ဘက်စုံအကျိုးသက်ရောက်စေမည့် အသုံးစရိတ်များကို အဓိကထားခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ယခင်ဘဏ္ဍာရေးနှစ်များနည်းတူ ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများသာမက နေရပ်စွန့်ခွာပြည်သူများအတွက် စားဝတ်နေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး အရေးပေါ်ရံပုံငွေ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေတို့ကို လျာထားခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၄-၂၀၂၅ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၄-၂၀၂၅ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့်အချက်များကို လည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။
၎င်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အသီးသီးတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခြေကျပြီးဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး ဒေသအလိုက် ထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်၍ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာရေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ ထို့အပြင်စီးပွားရေး စီမံကိန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုပြီး ရည်မှန်းချက်အတိုင်းပြည့်မီအောင် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် MSME လုပ်ငန်းများကို အခြေခံ၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးကာ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်သည်အထိ ထုတ်လုပ် နိုင်ရမည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်ငန်းများကိုဆောင်ရွက်ရာတွင် Mass production များဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးကိုသာမက သား၊ ငါးမွေးမြူရေး ကဏ္ဍများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် အဓိက သားငါးများ ဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါး များကို မွေးမြူဖြစ်ထွန်းကြောင်း၊ အလားတူ အသီးအရွက်နှင့် စက်မှုကုန်ကြမ်းသီနှံများကိုလည်း စိုက်ပျိုးနိုင်ကြောင်း၊ အဆိုပါစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်ဘဏ္ဍာငွေများကို သုံးစွဲရာတွင် အကျိုးရှိထိရောက်စွာ အသုံးချကြစေလိုကြောင်း၊ အလားတူရငွေများ အပြည့်အဝ ရရှိစေရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့တွင်ရှိပြီးဖြစ်သည့် အုပ်ချုပ်ရေးယန္တရား၊ တရားဥပဒေစိုးမိုးရေးယန္တရားများကိုအသုံးချ၍ ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအလိုက်လုပ်ငန်းများ တိုးတက်အောင်မြင်လာမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းများ တိုးတက်လာမည်ဆိုပါက နိုင်ငံအတွက်လည်း တိုးတက်မှုများကို ခံစားရမည်ဖြစ်သဖြင့် အချင်းချင်းအပြန်အလှန် တိုင်ပင်ဆောင်ရွက်ကြရန် အလေးထားမှာကြား လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် လိုအပ်ချက်နှင့်အညီ ထိရောက်သည့် အသုံးစရိတ်ဖြစ်စေရေးနှင့် လျာထားချက်နှင့်အညီ အချိန်မီသုံးစွဲရေးကို အဆင့်ဆင့်တာဝန်ရှိသူများက အလေးထားအကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကြီးကြပ်သူများအနေဖြင့်လည်း မိမိတာဝန်ယူရသည့် ဌာနအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများသာမက ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေး ကြီးကြပ်မှုလုပ်ငန်းများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားကြရန် အလေးထား မှာကြား လိုကြောင်း။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရာသီဥတုနှင့်အခြားအခြေအနေများအရ ယခင် ဘဏ္ဍာရေးနှစ်များထက် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်လျာထားသုံးစွဲနိုင်ရေး စီစဉ်ထားကြောင်း၊ ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုဝန်ကြီးဌာနများက နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် “အထွေထွေပိုလျှံ ရန်ပုံငွေ” (GRF)သို့ ပြန်လည်အပ်နှံသည့် ပိုလျှံငွေများမှ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးကိစ္စတို့၌ အထူးကိစ္စတစ်ရပ်အနေဖြင့် လွှဲပြောင်းသုံးစွဲခွင့်ပြုထားပြီး ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ကြရန်မှာကြား လိုကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ပြည်ထောင်စုမှ ထောက်ပံ့ပေးသည့်ငွေအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်က ကောက်ခံရရှိသည့် ရငွေများကို ပြည့်ပြည့်ဝဝရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များသည် အရအသုံး ညီမျှသည့် ဘက်ညီဘတ်ဂျက်ပုံစံနှင့် ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ရငွေ ပြည့်ပြည့်ဝဝရရှိမှသာ သုံးငွေကိုလည်း ပြည့်ပြည့်ဝဝ သုံးစွဲနိုင်မည်ဖြစ်ကြောင်းကို သတိပြုစေလိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထားသည့် ရငွေများနှင့် အသုံးစရိတ်များကို စီမံခန့်ခွဲကြီးကြပ် ဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ ထိရောက်အောင်မြင်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။