နေပြည်တော် မတ် ၂၄
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် ရေးဆွဲထားသည့် ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက် (၃) ရပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာန အသီးသီးနှင့် နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့က ကဏ္ဍအလိုက်၊ ဒေသအလိုက် ဦးစားပေးအသုံးစရိတ်များကို သတ်မှတ်သုံးစွဲကြရမည် ဖြစ်ကြောင်း။
ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်အထောက်အကူပြုနိုင်သည့် အသုံးစရိတ်များဖြစ်သော အခြေခံအဆောက်အအုံဆိုင်ရာ လမ်းတံတား၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပို့ဆောင်ဆက်သွယ်ရေး ကိစ္စရပ်များနှင့် ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးအစရှိသည့် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏မူဝါဒအရ သုံးစွဲရမည့် အသုံးစရိတ်များ၊ ပြည်သူအတွက် အရေးတကြီးဆောင်ရွက်ပေးရန် လိုအပ်သည့် အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက်အကူပြုသည့် အသုံးစရိတ်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်နိုင်မည့် အသုံးစရိတ်များကို လိုအပ်ချက်နှင့်အညီ နိုင်ငံတော်က နှစ်စဉ်ခွင့်ပြုပေး လျက်ရှိကြောင်း။
ဘဏ္ဍာရေးနှစ်အလိုက် လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရငွေရရှိမှု ၇၁ ဒသမ ၇၈ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၇၇ ဒသမ ၀၆ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၉၆ ဒသမ ၁၀ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၈၄ ဒသမ၂၅ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၁၀၄ ဒသမ ၉၆ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၉၀ ဒသမ ၇၈ ရာခိုင်နှုန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ရငွေရရှိမှု ၉၇ ဒသမ ၀၃ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၈၉ ဒသမ ၃၂ ရာခိုင်နှုန်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ ရငွေရရှိမှု ၇၁ ဒသမ ၁၁ ရာခိုင်နှုန်း၊ သုံးငွေသုံးစွဲမှု ၅၉ ဒသမ ၅၅ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း။
ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း ရငွေလျာထားချက်ကို ပြည့်မီကျော်လွန်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အသုံးစရိတ်ခွဲဝေလျာထားပေးသည့် ရန်ပုံငွေများကိုလည်း သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွက် အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးဖြစ်စေရေး စိစစ်ပြီး စီမံခန့်ခွဲသုံးစွဲရေးသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ပြည်သူများကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံတော်၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေတည်ငြိမ်မှုနှင့် ရေရှည်စီးပွားရေး တိုးတက်မှုရရှိစေရေး လိုငွေနှင့်ဂျီဒီပီအချိုးကို သင့်တင့်သည့်ပမာဏအတွင်း ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ကို ကျပ် ၁၇၁၄၉၈ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း သုံးရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း။
ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အချိန်မီ ပေးပို့ တင်ပြနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မိမိအနေဖြင့် ဘတ်ဂျက်လိုငွေများ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရငွေပိုင်းတွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ အမှန်ရရှိနိုင်မည့် ရငွေပမာဏနှင့် အနီးစပ်ဆုံး တွက်ချက်လျာထားရေး၊ အသုံးစရိတ်ပိုင်းတွင် နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လေလွင့်မှုမရှိဘဲ အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်မည့် အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့ကို အထောက်အကူပြုသည့် အသုံးစရိတ်များ ဖြစ်စေရေးအတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းများအပေါ် ထပ်ဆင့်စိစစ်ခဲ့ကြောင်း၊ ထို့အတူ တိုင်း ဒေသကြီး/ပြည်နယ်များ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကိုလည်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများဖြင့် အဆင့်ဆင့်စိစစ်ထားခဲ့သည်ကို တွေ့ရှိရကြောင်း။
ရငွေအပိုင်း လျာထားရာတွင် ရသင့်ရထိုက်သော ရငွေများ အပြည့်အဝရရှိရေး၊ အခွန်အခများနှင့် ပတ်သက်၍ ခေတ်ကာလနှင့် ဆီလျော်သော နှုန်းထားဖြစ်စေရေး၊ လျာထားငွေများအတိုင်း အပြည့်အဝ ကောက်ခံရရှိရေး၊ နှစ်ဟောင်းကြွေးကျန်များ ပြန်လည်ရရှိရေး၊ အမှန်တကယ်ရရှိနိုင်မည့် ပြည်ပချေးငွေ၊ ပြည်ပအကူအညီရငွေများ ဖြစ်စေရေးအတွက် စိစစ်လျာထားမှုပြုလုပ်ခဲ့ကြောင်း။ ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ နေရပ်စွန့်ခွာပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများအတွက် အရေးပေါ်ရန်ပုံငွေကို ပြည်ထောင်စုတွင် ငွေကျပ် ဘီလီယံ ၂၀၀၊ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ငွေကျပ် တစ်ဘီလီယံစီဖြင့် ငွေကျပ် ၁၅ ဘီလီယံ စုစုပေါင်း ငွေကျပ် ၂၁၅ ဘီလီယံ ခွင့်ပြုထားကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ငွေအပါအဝင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၎င်းကိုအခြေပြု၍ ရေးဆွဲထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းတို့ကို ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်က သုံးသပ်ပြီး အတည်ပြု ထောက်ခံပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦးက ဥပဒေကြမ်းများနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာအကြံပြုချက်များကို လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက်များကိုလည်းကောင်း အကြံပြုဆွေးနွေး တင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဘဏ္ဍာငွေများကို ပြည်ထဲရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် အသုံးစရိတ်များတိုးမြှင့်ပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ တိုးမြှင့်ပေးခြင်းမှာ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပါက နိုင်ငံစီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဘတ်ဂျက်များ လျာထားရာတွင် အမှန်တကယ် အသုံးပြုနိုင်မည့်ပမာဏများကို လျာထားဆောင်ရွက်ကြရန်လိုကြောင်း။
ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည့်နေရာများတွင် အသုံးချနိုင်ရန် လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဘတ်ဂျက်ရငွေများကို အမှန်တကယ်ရရှိအောင်နှင့် သုံးငွေများကို အမှန်တကယ် အကျိုးရှိသည့် နေရာများတွင်သာ အသုံးပြုရန်လိုကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ စွမ်းရည်နှင့် စွမ်းအားမြှင့်တင်နိုင်ရေးအတွက်လည်း ဘတ်ဂျက်ငွေများ သုံးစွဲရခြင်းများရှိကြောင်း၊ နိုင်ငံတကာတွင်လည်း အလားတူပင်ဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စီမံကိန်းများသည် အချိန်တိုအတွင်း ဆောင်ရွက်၍မရဘဲ အချိန်ယူတည်ဆောက်ရသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် တည်ဆောက်ဆဲစီမံကိန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ပုဂ္ဂလိက တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့်ဘက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဝိုင်းဝန်းဆောင်ရွက် သွားမည်ဆိုပါက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို များစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။
ဘဏ္ဍာငွေသုံးစွဲရေးနှင့် ပတ်သက်၍ စနစ်တကျဖြင့် သုံးစွဲကြရန်လိုပြီး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက် ကြရန်လိုကြောင်း၊ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်စေရေး ဝန်ကြီးဌာနများအနေဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် စီမံကိန်းများ အောင်မြင်စေရေး စနစ်တကျဖြင့် တိုင်းပြည်နှင့်ပြည်သူအပေါ် စေတနာထား၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တို့ကို စိစစ်အတည်ပြုခဲ့ပြီးဖြစ်ကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကဏ္ဍတွင် အသိပညာ၊ အတတ်ပညာများ သင်ကြားနေသည့် ကျောင်းသား ကျောင်းသူများကို ပညာသင်ထောက်ပံ့ စရိတ်များထောက်ပံ့ခြင်း၊ ဆရာ ဆရာမ များအတွက် အကျိုးခံစားခွင့်အတွက် ရရှိထားသည့် ဘွဲ့များအလိုက် ချီးမြှင့်ငွေများ ထောက်ပံ့ခြင်းတို့ကို ခွင့်ပြုပေးထားကြောင်း။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး လိုအပ်သည့်အသုံးစရိတ်များ၊ တက္ကသိုလ်အလိုက် ကျောင်းသား ကျောင်းသူများအတွက် အပန်းဖြေဌာန (Recreation Center) တည်ဆောက်ခြင်း အသုံးစရိတ်များ၊ အလျင်အမြန်အကျိုး ရလဒ် (Quick Win) ရရှိနိုင်မည့် ဆိုလာစနစ် ရေတင်စီမံကိန်း/ လုပ်ငန်းအသုံး စရိတ်များ၊ လူမှုစီးပွားမြှင့်တင်ရေး အသုံးစရိတ်များလည်း ပါဝင်ကြောင်း။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လမ်း၊ တံတားများ တည်ဆောက်ခြင်းလုပ်ငန်း အသုံးစရိတ်များ၊ လျှပ်စစ်မီး ရရှိရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများအတွက် အသုံးစရိတ်များ ပါဝင်သည်ကိုလည်း တွေ့ရှိရကြောင်း။
ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ခွဲဝေချထားပေးသည့် အသုံးစရိတ်များကို နိုင်ငံတော်နှင့်ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ အကျိုးရှိသည့် အသုံးစရိတ်များဖြစ်စေရေး၊ လျာထားသည့် အသုံးစရိတ်များကိုလည်း အမှန်တကယ် အကောင်အထည်ဖော်ပြီး စံချိန်စံညွှန်းအပြည့်အဝဖြင့် အချိန်မီပြီးပြတ်အောင် သုံးစွဲနိုင်ရေးနှင့် စာရင်းစစ်ဆေးမှု ခံယူနိုင်ရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့် က ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။
ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် လျာထားသည့်အတိုင်း ရငွေများ အပြည့်အဝရရှိအောင် စီမံခန့်ခွဲ ကြီးကြပ်ဆောင်ရွက်သွားရန်လည်း အရေးကြီးသည်ကို မှာကြားလိုကြောင်း၊ ထို့ကြောင့် အခွန်အကောက်ရငွေများကိုလည်း တည်ဆဲ အခွန်အကောက်ဆိုင်ရာ ဥပဒေများနှင့်အညီ အပြည့်အဝကောက်ခံ ရရှိနိုင်ရန် အထူးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်